မွန်ပြည်နယ်က ကွမ်းသီးလုပ်ငန်းရှင်တွေ အရှုံးနဲ့ ရင်ဆိုင်နေရ

မော်လမြိုင်၊ အောက်တိုဘာ (၁၆)

မွန်ပြည်နယ်ထွက် ကွမ်းသီးတွေကို ပြည်တွင်း၊ပြည်ပ ဝယ်လိုအား နည်းပါးလာနဲ့အတူ ဈေးနှုန်း ဆက်လက် ကျဆင်းနေတာကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ ကွမ်းသီးပွဲရုံလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကွမ်းသီးလုပ်ငန်းရှင်တွေဟာ ဒေါ်လာ ဈေးနှုန်း အဆမတန် မြင့်တက်ပြီး မြန်မာ့ငွေကြေး တန်ဖိုးကျဆင်းစဉ်က ကွမ်းသီးတွေကို အမြင့်ဈေးပေးပြီး ဝယ်လှောင်ထားရာကနေ လက်ရှိမှာ ဈေးနှုန်း ပြန်လည် ကျဆင်းလာတဲ့အတွက် အရှုံးနဲ့ ရင်ဆိုင်နေရတာပါ။

ကွမ်းသီးဈေးနှုန်းဟာ အရင် ဒေါ်လာဈေးနှုန်း မြင့်တက်စဉ်က ကွမ်းသီး (၁)ပိဿာကို ကျပ်(၁)သောင်း ဝန်းကျင်ထိ ဈေးနှုန်းမြင့်တက်ရာကနေ လက်ရှိမှာတော့ တစ်ပိဿာ ကျပ်(၆၀၀၀) ဝန်းကျင်လောက်ထိ ဈေးနှုန်း ဆက်လက် ကျဆင်းနေတာပါ။

ကွမ်းသီးဈေးနှုန်း ဆက်လက် ကျဆင်းလာတဲ့အတွက် ကွမ်းသီးလုပ်ငန်းရှင် အများစု အရှုံးနဲ့ ရင်ဆိုင်နေရသလို ဈေးကွက်အတွင်း ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေတယ်လို့ ကွမ်းသီးပွဲရုံလုပ်ငန်းရှင် တစ်ဦး ပြောပါတယ်။

“အမှန်မှာတော့ အဲ့ဒီဈေးက မတက်သင့်ဘူး၊ (၉၀၀၀)တို့ (၉၀၀၀)ကျော်တို့လေ၊ တက်သွားတာက အဲ့လိုမျိုးပေါ့ တချို့လူက ငွေတွေဘာတွေ ကြောက်လို့ဆိုပြီးတော့ ကွမ်းသီးတွေ ဝယ်လှောင်ထားတယ်။ ကွမ်းသီးသမားတွေ၊ အခုအဲ့ဒီ ငွေဈေးလည်း ကျရော အကုန်လုံး လူလဲပြီး ခံနေရတယ်။ ကွမ်းသီးသမားတွေက အကုန်လုံးဘဲ၊ အခု သူဟာသူ ကြိုက်ဈေးဝယ်ပြီး ကြိုက်ဈေး ရောင်းနေကြတယ်။ တသမတ် ထဲတော့ မသွားသေးဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ဈေးက အကျဘက် ဖြစ်တော့လေ၊ ရှုံးထားတာ မနည်းဘူး”လို့ ဆိုပါတယ်။

တဖက်မှာတော့ မွန်ပြည်နယ်ထွက် ကွမ်းသီးတွေဟာ အခုလအတွင်းတွေ ပြည်တွင်း၊ပြည်ပ ဝယ်ယူမှု သိသိသာသာ ကျဆင်းလာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒါကြောင့် ကွမ်းသီး လက်ကျန်နည်းပါးနေချိန်မှာ ဈေးနှုန်း ကျဆင်းပြီး အရှုံးပေါ်နေတဲ့အတွက် ကွမ်းသီးအသစ်တွေ ထပ်မံ ထွက်ရှိလာပါက အရှုံးကြီး ရှုံးလာနိုင်တယ်လို့ ကွမ်းသီးပွဲရုံလုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

ကွမ်းဈေးနှုန်း ဆက်လက် ကျဆင်းနေတဲ့အတွက် ဈေးကွက်အတွင်း အရောင်းအဝယ် နည်းပါးနေသလို တချို့ ကွမ်းသီးပွဲရုံ လုပ်ငန်းရှင်တွေကလည်း အဝယ် ရပ်နားလာကြတာပါ။

“ကွမ်းသီးတွေက အရောင်းအဝယ် မရှိဘူး၊ ဈေးတွေက တအား တက်သွားပြီးတော့လေ ပြန်ကျလာတယ်၊ ဈေးတအား မြင့်ပြီးတော့‌လေ လူတွေက အဲ့လိုမျိုး အမြင်နဲ့ ပိုက်မိတော့ အဲ့လိုမျိုး‌လေ ပိုက်မိတော့ ကိုယ့်ဟာကိုပဲ ကိုဖြုန်း နေကြတယ်၊ အဲ့လိုမျိုး အရောင်းအဝယ် မရှိဘူး၊ အဲ့လိုမျိုး ဖြစ်နေတယ်၊ အမတို့ ဆိုလိုရှိရင် အဝယ်တော့ နားထားတယ်၊ အရောင်းကဘဲ နည်းနည်း အဲ့လိုမျိုး ထွက်သလောက် ရောင်းနေတာပေါ့၊ ရောင်းချင်စိတ် မရှိတော့ ဘူးပေါ့ အဲ့လိုမျိုးလေ၊ နိုင်ငံခြား အပြင် နည်းနည်းပါးပါး ထွက်မှဘဲ ဈေးနည်းနည်း ပြန်ကောင်း နိုင်မယ့် ပုံစံ ဖြစ်နေတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ကွမ်းသီးဈေးကွက်မှာ အရင်နှစ်တွေကို အရည်သောက်အရွယ် ကွမ်းသီးနုတွေကို တရုတ်က ဈေးကောင်း ပေးပြီး ဝယ်ယူမှု ရှိပေမယ့် ဒီနှစ်မှာတော့ လက်ရှိအချိန်ထိ ဝယ်ယူမှု မရှိသေးတာကြောင့် ကွမ်းသီး ဈေးနှုန်း ကျဆင်းနေရတယ်လို့ ကွမ်းသီး ပွဲရုံ လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

မွန်ပြည်နယ်မှာတော့ ကွမ်းသီးတွေကို ရေးနဲ့ သံဖြူဇရပ်မြို့နယ်တွေက အဓိကထွက်ရှိတာ ဖြစ်ပြီး ထွက်ရှိလာတဲ့ ကွမ်းသီးတွေကို ရန်ကုန်၊ မန္တလေးနဲ့ ရခိုင်ပြည်နယ်အပြင် ပြည်ပတင်ပို့မှု အနေနဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကို အဓိကတင်ပို့ ရောင်းချနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.