ဖက်ဒရယ်နဲ့ ဒီမိုကရေစီ ရန်သူဟာ စစ်ကောင်စီသာ ဖြစ်တယ်လို့ KNU တုံ့ပြန်

မော်လမြိုင်၊ အောက်တိုဘာ (၁၆)

တိုင်းရင်းသားအရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒပါအချို့အချက်တွေကို ပြင်ဆင်ပေးမယ်လို့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုဟာ ပါးစပ်ထဲတွေ့ကရာလျှောက်ပြောနေခြင်းသာဖြစ်ပြီး ဖက်ဒရယ်နဲ့ ဒီမိုကရေစီ ရန်သူဟာ စစ်ကောင်စီသာ ဖြစ်တယ်လို့ KNU က တုံ့ပြန်လိုက်ပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA (၇)နှစ်ပြည့်နေ့ မိန့်ခွန်းမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားတွေအနေနဲ့ အစိုးရနဲ့လက်တွဲပြီး ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့ ပြောဆိုခဲ့တာပါ။

ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအနေဲ့ ငြိမ်းချမ်းရေးကို လျှောက်လှမ်းကြဖို့နဲ့ တိုင်းရင်းသားအရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချို့သောအချက်တွေကို ပြင်သင့်တာတွေကို ပြင်ဆင်ပေးသွားမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး KNU ပြောခွင့်ရ ပဒိုစောတောနီးက အခုလိုပဲ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

“သူကိုယ်တိုင်က အာဏာသိမ်းပြီးတော့ ဒီဟာတွေသဘောတူညီချက်အားလုံးကို ဖျက်ဆီးလိုက်တဲ့အခါမှာ နိုင်ငံရေးဆွေးနွေးပွဲတွေလည်း ပျက်စီးသွားတဲ့အခါမှာ ဒီမိုကရေစီပဲတည်ဆောက်မလား ဖက်ဒရယ်ကိုပဲတည်ဆောက်မလား၊ လက်ရှိကာလမှာ ဖက်ဒရယ်ရဲ့ရန်သူ ဒီမိုကရေစီရန်သူက သူဖြစ်နေတယ်လေ။ အဲ့ဒါကြောင့်မို့ ဘယ်လိုမှအလုပ်မဖြစ်တော့တဲ့ဟာကို ထပ်ခါထပ်ခါပြောနေတဲ့ဟာတော့ ဒါကတော့ လုံးဝမပြောသင့်မပြောထိုက်တဲ့ဟာပဲလို့ ပြောရမှာပဲ။ ဘာဖြစ်လို့လည်း သူကိုယ်တိုင်က တရားမဝင်တော့ဘူးလေ။ သူအဲ့လိုလုပ်လုပ်ခြင်းအားဖြင့် တရားမဝင်တဲ့သူနဲ့လက်တွဲသွားပြီးတော့ လုပ်စရာအကြောင်းမရှိဘူးဆိုတာ ကျွန်တော်တို့အခေါက်ခေါက်အခါခါပြောတယ်။ ကျွန်တော်တို့နယ်မြေမှာ တိုက်ပွဲကအကြိမ်(၅၀၀) (၆၀၀)လောက်ဖြစ်နေကိစ္စကြီးက ဘယ်လိုလုပ်ပြီးတော့ ဒီမိုကရေစီနဲ့ သူနဲ့သွားတွဲလုပ်တော့ရတော့မလဲ။” လို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)အနေနဲ့ ၂၀၁၅ ခုနှစ်က NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တောက်လျှောက်လုပ်နေတဲ့အပေါ်မှာ စစ်တပ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် ကပ်ဖျက်ရပ်ဖျက်လုပ်ဆောင်နေခဲ့ပြီး သဘောတူညီချက်တွေကို အားလုံးဖောက်ဖျက်ခဲ့သလို အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ပြည်သူလူထုအပေါ် စစ်တပ်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်သတ်ဖြတ်နေတာတွေလည်း အတောမသတ်ဖြစ်နေခဲ့တယ်လို့ ပဒိုစောတောနီးက ဆိုပါတယ်။

ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်ဆီးပြီး အာဏာသိမ်းပြီးမှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေကို ပြန်လည် ပြင်ဆင်ပေးမယ်လို့ ပြောဆိုမှုဟာ ဘယ်လိုမှလက်ခံနိုင်စရာ အကြောင်းမရှိဘူးလို့ ပြောပါတယ်။

“အခုလက်ရှိမှာရှင်းနေတာပဲ၊ ဒီမိုကရေစီရဲ့ရန်သူ ဖက်ဒရယ်ရဲ့ရန်သူက ဒီစစ်ကောင်စီပဲဆိုတာ ရှင်းရှင်းလင်းလင်းပြသနေတဲ့အခါမှာတော့ ကျွန်တော်တို့ဘာမှမူဝါဒပြောင်းလဲစရာမရှိဘူး။ သူကတော့ အဲ့ဒါတော့ သူပါးစပ်ထဲတွေ့ကရာလျှောက်ပြီးတော့ ကောက်ပြောနေတဲ့အနေအထားမှာပဲရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စစ်အာဏာသိမ်းပြီးကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ဆီးလိုက်တာပဲလေ။ အခုမှပဲ ၂၀၀၈ ကို ဟိုလိုဒီလိုပြင်မယ့်ဆိုတဲ့ဟာမျိုးကျတော့ ရူးသလိုကြောင်သလိုနဲ့ လျှောက်လုပ်နေတဲ့ကိစ္စပဲဖြစ်တယ်။ ကျွန်တော်တို့တွေက အရူးတွေကမဟုတ်ဘူးဗျ။ သူတို့ရူးတိုင်း ကိုယ်ကလိုက်ရူးဖို့မလိုဘူး။ အဲ့ဒါကြောင့်မို့ဘာဖြစ်လို့လည်းဆိုတော့ အာဏာသိမ်းရင်လည်း အာဏာသိမ်းတည့်တည့်ပြောပါလား။ အာဏာသိမ်းတာတောင်မှ အာဏာထိမ်းသလိုလို ဟိုလိုလိုဒီလိုလိုနဲ့ ၂၀၀၈ က ရှိနေသေးတယ်ဆိုတာ ဘယ်လိုမှလက်ခံနိုင်စရာအကြောင်းမရှိဘူး”လို့ ပဒိုစောတောနီးက ပြောပါတယ်။

ဒါ့အပြင် KNU အနေနဲ့ ဒီနှစ်ဒီအချိန်ကာလမှာ စစ်ကောင်စီဖြုတ်ချရေးကိုပဲ တစိုက်မတ်မတ်လုပ်ဆောင်သွားဖို့ပဲရှိနေပြီး ပြည်သူလူထုဘက်ကလည်း ရှိတဲ့အင်အားနဲ့ ဖြစ်ညစ်လုပ်ဆောင်သွားမယ်ဆိုတာ ယုံကြည်တယ်လို့ ပဒိုစောတောနီးက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

လတ်တလောမှာ KNU အုပ်ချုပ်နယ်မြေအတွင်း စစ်ဘေးရှောင်နေရတဲ့ ပြည်သူလူထု(၃)သိန်းကနေ (၄)သိန်းအထိရှိနေပြီး မြန်မာပြည်တစ်ပြည်လုံးမှာတော့ စစ်ရှောင်ဦးရေသန်းဂဏန်းအထိရှိခဲ့သလို ဒီလိုပြည်သူလူထုတွေ စစ်ဘေးရှောင်ပြေးနေရတာဟာ စစ်တပ်ကြောင့်ဖြစ်လို့ စစ်ကောင်စီအနေနဲ့ တာဝန်ခံသွားရမှာဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်ခေါင်းဆောင်က တိုင်းရင်းသားတွေအတွက် ဖွဲ့စည်းပုံ ပြင်ဆင်ပေးမယ်လို့ ပြောဆိုမှုဟာ စစ်အုပ်စု အာဏာသိမ်းတည်မြဲရေးအတွက် မက်လုံးပေးစည်းရုံးမှုသာ ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.