ထားဝယ်-ထီးခီးတိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံး များပြားခဲ့

ထားဝယ်၊ အောက်တိုဘာ (၁၆)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီးလမ်းပေါ်ရှိ ဝကုန်းရွာနဲ့သင်္ကန်းတုန်းကျေးရွာအကြားမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက် အကျအဆုံး များပြားပြီး ပြန်လည် ဆုတ်ခွာသွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က ထားဝယ်ဘက်ကနေ ထီးခီးဘက်ကိုလာတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းကို ကော်သူလေးအာမီ တပ်ခွဲ ၃ ၊သံမဏိပြောက်ကျား၊ ကျားသစ်နက်စစ်ကြောင်း၊ ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပါအဝင် ပူးပေါင်းတပ်တွေက ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ပွဲဟာ ဝကုန်းရွာမှာ တစ်ကြိမ်၊ သင်္ကန်းတုန်းရွာ တစ်ကြိမ် ၊ စုစုပေါင်း နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၀ ထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရပြီးနောက် အကျအဆုံး များပြားခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ကားတွေနဲ့အတူ ကျောက်မဲတောင်ဘက်ကို ပြန်လည် ဆုတ်ခွာသွားတယ်လို့ ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ပူးပေါင်းအဖွဲ့ရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရတဲ့ စစ်ကောင်စီတပ်ဟာ ထားဝယ်-ထီးခီးလမ်းတလျှောက် စစ်ကောင်စီတပ်တွေကို လက်နက်နဲ့ရိက္ခာတွေ လာပို့တဲ့ တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲအတွင်း ဝကုန်းရွာနဲ့သင်္ကန်းတုန်းကျေးရွာ အနီးနားကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာ နေရာတွေကို ယာယီထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နှစ်ဖက်တိုက်ပွဲပြီးနောက် နေရပ်ပြန်လာ နေကြပြီးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ထားဝယ်-ထီးခီးလမ်းပိုင်းကို အသုံးပြုပြီး လက်နက်နဲ့ ရိက္ခာတွေ ပို့ဆောင်တာနဲ့ မကြာခဏ စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.