ဖနွမ်းပင်၊ အောက်တိုဘာ (၁၆)

ကမ္ဘောဒီးယားနိုင်ငံ မဲခေါင်မြစ်အတွင်းမှာ အင်္ဂလိပ်စာသင်တန်းကနေ အိမ်ပြန်လာတဲ့ ကလေး ငယ်တွေကို တင်ဆောင် လာတဲ့ လှေတစ်စင်းနစ်မြုပ်ခဲ့မှုကြောင့် အနည်းဆုံးကလေးငယ်(၁၄)ဦး သေဆုံးခဲ့တယ်လို့ ကမ္ဘောဒီးယားရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီလှေငယ်ဟာ ဝန်ပိုတင်ဆောင်ခဲ့တာ ဖြစ်ပြီး အခင်းဖြစ်ပွားရာ ကမ္ဘောဒီးယားနိုင်ငံ အရှေ့ တောင်ပိုင်းကန်ဒယ်ခရိုင်ဒေသန္တရကမဲခေါင်မြစ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၃) ရက်နေ့က လည်း ဒီရေမြင့်တက်လာခဲ့သေးတယ်လို့ ဆိုပါတယ်။ 

ခရိုင်‌ဒေသန္တရ ရဲတပ်ဖွဲ့အကြီးအကဲ ချိုဝန်ဆိုချက် က ကယ်ဆယ်ရေးအဖွဲ့ဟာ နောက်ထပ် ကျောင်းသားတစ်ဦဂကို ရှာဖွေနေဆဲဖြစ်တယ်လို့ဆိုခဲ့ပြီး သေဆုံးသွားတဲ့ ကလေးငယ်တွေဟာ အသက်(၁၁) နှစ်ကနေ (၁၄) နှစ်အတွင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

“ဒီဖြစ်စဉ်ကတော့ လှေပိုင်ရှင်က မနိုင်ဝန်သယ်တာရယ်၊ မဆင်မခြင်မောင်းနှင်တာရယ်၊ အကာအကွယ်အတွက် အသက်ကယ်အင်္ကျီတွေ ဝတ်ဆင်မခိုင်းတာကြောင့်ပါ”လို့ ရဲအရာရှိက ပြောပါတယ်။

AFP သတင်းဌာန ကတော့ ကျောင်းသားနှစ်ဦးနဲ့ သက်ကြီးပိုင်းလှေလုပ်သားနှစ်ဦး အသက်ရှင် ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး မဲခေါင်မြစ်အတွင်း ဒီရေမြင့်တက်လာမှုကိုလည်း အထူးဂရုပြုကြဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။ 

“အထူးသဖြင့် မြစ်ကမ်းတလျှောက် နေထိုင်သူတွေအနေနဲ့ ရေကြီးရေလျှံမှု တိုးလာတဲ့အခါ အထူးသတိထားသင့်ပါတယ်” လို့ လက်ရှိဖြစ်ပေါ်နေတဲ့ မုတ်သုံရာသီကို ရည်ညွှန်းပြီး မစ္စတာ ဟွန်ဆန်က ပြောဆိုခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ လှေမတော်တဆမှုတွေ မကြာခဏဖြစ်ပွားနေပြီး မဲခေါင်မြစ်ကြောင်း တစ်လျှောက်နေထိုင်သူတွေဟာ အဲ့ဒီမြစ်ကို သယ်ယူပို့ဆောင်ရေးအတွက် မဖြစ်မနေ မှီခို နေရတာဖြစ်ပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်ကလည်း ကမ္ဘောဒီးယားနိုင်ငံအရှေ့မြောက်ပိုင်းမှာ ကူးတို့ သင်္ဘော တိမ်းမှောက်ခဲ့တဲ့အတွက် ခရီးသည် (၁၇) ဦးလောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

Ref:Reuters/AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.