ရှမ်းပြည်နယ် အပါအဝင် ပြည်ထောင်စုအအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က အောက်တိုဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒါကြောင့် RCSS အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဘာကြောင့် တွေ့ဆုံဖို့ ကမ်းလှမ်းရတာလဲ၊ တွေ့ဆုံပြီးနောက် ဆက်လက် လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေ၊ လတ်တလောမှာရော ရှမ်းပြည်နယ်ထဲမှာ တိုက်ပွဲတွေ မဖြစ်ဖို့ အောက်ခြေတပ်တွေကို ဘယ်လိုပုံစံတွေနဲ့ ညွန်ကြားထားတာ ရှိလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး RCSS ပြောခွင့်ရ ဗိုလ်မှူး ခမ်းစံနဲ့ ဆက်သွယ်မေးမြန်းချက်။
RCSS အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဘာကြောင့် တွေ့ဆုံဖို့ ကမ်းလှမ်းရတာလဲ။
အဓိကအချက်က နှစ်ချက်ရှိတယ်။ ရှမ်းပြည်အတွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းကြားထဲမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေကို ဖြေလျော့နိုင်ဖို့က ပထမအချက်။ နောက်တချက်ကတော့ ဒီပဋိပက္ခကြောင့် စစ်ရေးတင်းမာမှုရှိခဲ့တယ်။ စစ်ရေးတင်းမာမှုကြားထဲမှာ ပြည်သူလူထုတွေဒုက္ခရောက်နေတာရှိတယ်။ အဲဒါနဲ့ ကျွန်တော်တို့ ပူးပေါင်းပြီး အဖြေရှာပြီး ပြည်သူတွေကို ကူညီနိုင်ဖို့အတွက်ပါ။
ဒီကမ်းလှမ်းချက်ထဲမှာလည်း ပြည်ထောင်စုအအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေကိုလည်း ဖိတ်ခေါ်ထားတာ တွေ့ရပါတယ်။ ဒီဟာကရော ဘယ်လို ပုံစံမျိုးလဲ။
အဓိကကတော့ ရှမ်းပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေပဲ အဓိက ဉီးစားပေးအနေနဲ့ အရင်ဆုံး ဖြေရှင်းရမယ်။ ပြည်ထောင်စုအဆင့်က နောက်တစ်ဆင့်ပေါ့။
တွေ့ဆုံဆွေးနွေးဖို့ အချိန် ၄ လ သတ်မှတ်ထားတာ တွေ့ရပါတယ်။ ဒီတွေ့ဆုံဆွေးနွေးကနေ ဘယ်လိုတွေ ဆက်လုပ်ဖို့ ပြင်ဆင်ထားပါသလဲ။
အဲ့ဒါလုပ်ထုံးလုပ်နည်းတစ်ခုပါ။ လေးလအတွင်းမှာ ရရှိလာတဲ့ရလဒ်ကိုအခြေခံပြီးတော့ အချိန်ထပ်တိုးဖို့လိုအပ်တယ်လို့ သုံးသပ်လို့ရှိရင် ထပ်တိုးဖို့ရှိတယ်ဗျ။ လေးလအတွင်း ပြီးမြောက်မလားဆိုတော့ မဟုတ်သေးဘူး၊ ရလဒ်အပေါ် အခြေတည်ပြီးမှ ဆုံးဖြတ်ကျမှာပါ။
ပြီးခဲ့တဲ့ လပိုင်းတွေကလည်း RCSS တပ်နဲ့ SSPP တပ်တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာ တွေ့ရပါတယ်။ လက်ရှိမှာရော ရှမ်းပြည်နယ်ထဲမှာ တိုက်ပွဲတွေ မဖြစ်ဖို့ အောက်ခြေတပ်တွေကို ဘယ်လိုပုံစံတွေနဲ့ ညွန်ကြားထားတာ ရှိလဲ။
ဟုတ်ကဲ့။ကျွန်တော်တို့ ထုတ်ပြန်ကြေညာချက် မထုတ်ပြန်ခင်မှာ ရှေ့တန်းမှာ တပ်ရင်းတပ်ဖွဲ့တွေကို ညွှန်ကြားထားတာရှိတယ်ဗျ။ တိုက်ပွဲကြီးတွေ မဖော်ဆောင်ဖို့ နောက်ပြီးတော့ စစ်ကြောင်းတွေရှိလာလို့ရှိရင် ထိတွေ့မှုမရှိအောင် ကြိုတင်ညှိ့နှိုင်းဖို့၊ ခုခံစစ်အနေနဲ့ တုံပြန်တာလွဲပြီး မလုပ်ဖို့ ညွှန်ကြားထားတာရှိတယ်။
နောက်ဆုံးအနေနဲ့ RCSS က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို တွေ့ဆုံဖို့ ကမ်းလှမ်းရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောကြားပေးပါဦး။
စစ်ရေးဆိုတာ နိုင်ငံရေးကနေ ပေါက်ဖွားလာတာလေ။ နိုင်ငံရေးအရ ဖြေရှင်းလို့ မရရင် တိုက်ပွဲဖြစ်လာမှာပဲ။ ဒါကြောင့် နိုင်ငံရေးသုံးသပ်တဲ့ နေရာမှာ နိုင်ငံရေးချည်း သက်သက်ပဲ သုံးသပ်မယ်ဆိုရင်တော့ မှန်ကန်မှုနည်းနိုင်မှာပေါ့နော်။ စစ်ရေးကို သုံးသပ်မယ်ဆိုရင်လည်း နိုင်ငံရေးပါရမယ်။ နောက်တစ်ခုဖြည့်စွက်ချင်တာက နိုင်ငံရေးရော စစ်ရေးရော ပြောတဲ့နေရာမှာ ပြည်သူလူထုကလည်း အဓိကကျတယ်။ အခုက ရှမ်းပြည်တွင်းမှာရှိတဲ့ ပဋိပက္ခဖြစ်တဲ့ကြောင့် ပြည်သူလူထုလည်း ထိခိုက်မှုရှိတယ်။ သက်ရောက်မှုရှိတယ်။ စစ်ရေးတင်းမာတဲ့ဒေသတွေ မှာဆို ပြည်သူတွေက စစ်ဘေးရှောင်တွေ များလာတယ်။ နေရပ်စွှန့်ခွာတာတွေ များလာတယ်။ နောက်နယ်ခြားကျော်ပြီး တစ်ခြားနိုင်ငံမှာ အလုပ်သွားလုပ်တာတွေများလာတယ်ပေါ့။ တစ်ရက် တစ်ရက်ကိုရာချီရှိတယ်။ စစ်ရေးတင်းမာမှု နှစ်ချီလာတဲ့အချိန်မှာ ပြည်သူလူထုတွေကနေရပ်စွန့်ခွာလာတာ သိန်းချီရှိသွားပြီ၊ ဒါရေရှည်အတွက်ဆို ကောင်းတဲ့ အလားအလာမဟုတ်ဘူး။တွေ့ဆုံပြီး ဖြေရှင်းမယ်ဆိုရင် ပဋိပက္ခကို လျော့ချနိုင်မယ်။ နောက်ပြီးတော့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြားမှာ အထင်မှား အမြင်မှားလာတာတွေဟာ ပွင့်ပွင့်လင်းလင်းဆွေးနွေးမယ်ဆို နားလည်လာနိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့အချင်းချင်း ပူးပေါင်းပြီးတော့မှ ပြည်သူလူထုကို ဘယ်လိုကူညီမလဲ၊ ဘယ်လိုစောင့်ရှောက်မလဲ၊ ဘယ်လိုဖြေရှင်းမလဲ၊ နည်းလမ်းတွေကို ပူးပေါင်းပြီးတော့မှ အဖြေရှာမယ်။ နောက်ဆုံးကျတော့ခုနတုန်းကပြောသွားသလိုပဲ နိုင်ငံရေး၊ စစ်ရေး၊ ပြည်သူအရေး ဒီသုံးချက်ကို ကျွန်တော်တို့ မျှမျှတတ ချင့်ချိန်နိုင်မှသာ လက်ရှိ ပကတိအခြေအနေကို ထင်ဟပ်နိုင်စေနိုင်မယ်လို့ ပြောချင်ပါတယ်။
သံလွင်တိုင်းမ်