ဂျာကတာ၊ အောက်တိုဘာ ၂

အင်ဒိုနီးရှားနိုင်ငံရဲ့ ဂျာဗားကလပ်အသင်းတွေဖြစ်တဲ့ အာရီမာနဲ့ ပါဆာဘယအသင်းတို့ ဟာ ပြီးခဲဲ့တဲ့ စနေနေ့ညက ကျင်းပတဲ့ အင်ဒိုနီးရှားလိဂ်ဘောလုံးပွဲစဉ်တခုအတွင်း အားပေးသူအချင်းချင်းအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် လူပေါင်း (၁၃၀)ဦးခန့် သေဆုံးခဲ့သလို လူ(၃၀၀)ခန့်ကလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အင်ဒိုနီးရှားကလာတဲ့ သတင်းတွေအရ သိရပါတယ်။

ပွဲပြီးရလဒ်ဖြစ်တဲ့ ၃ ဂိုး ၂ ဂိုးနဲ့ အိမ်ရှင်အသင်းဖြစ်တဲ့ အာရီမာရှုံးနိမ့်အပြီးမှာပဲ ပရိတ်သတ်တွေဟာ ကွင်းအတွင်းကို ဝင်ရောက်လာပြီး စောဒကတက်ရာမှ ပဋိပက္ခဖြစ်လာခဲ့တာဖြစ်ပါတယ်။

ပဋိပက္ခဖြစ်စဉ်မှာ လုံခြုံရေးတာဝန်ရှိသူတွေက မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေ အသုံးပြုပြီး လူစုခွဲရာမှတဆင့် အလျင်အမြန်ထွက်ပြေးကြတဲ့ လူအုပ်စုတွေ နင်းမိပြီး လူပေါင်း (၁၃၀)ခန့် သေဆုံးခဲ့ရတာလို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အိမ်ရှင်အသင်းရှုံးနိမ့်မှုကြောင့် အားပေးနေတဲ့ ပရိတ်သတ်တွေဟာ ကွင်းအတွင်း ဝင်ရောက်လာခဲ့ပြီး တားဆီးခဲ့တဲ့ လုံခြုံရေးတွေကို ထိုးကြိတ်ကန်ကျောက်တာတွေ လုပ်ခဲ့တယ်လို့ မျက်မြင်သူတွေက ဆိုပါတယ်။

အာရီမာအသင်းရဲ့ ပွဲစဉ်အတွက် ပရိတ်သတ်ပေါင်း ၄၂၀၀၀ ကျော်က လက်မှတ်ဝယ်ယူထားခဲ့ပြီး လူပေါင်း (၃၈၀၀၀)လောက် ဝင်ရောက်အားပေးခဲ့တာပါ။

ပဋိပက္ခဖြစ်စဉ်အတွင်း ကွင်းရဲ့ မြက်ခင်းပြင်ပေါ်ကို လူပေါင်း (၃၀၀၀)ကျော်လောက် ဝင်ရောက်နေရာယူသိမ်းပိုက်ထားခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားအားကစားဝန်ကြီးဇိုင်နူဒင်အာမာလီကတော့ ဖြစ်စဉ်အတွက် တောင်းပန်ခဲ့ပြီး ဘောလုံးပွဲစဉ်တွေရဲ့ လုံခြုံရေးအတွက် ပြင်ဆင်မှုတွေ လုပ်မှာဖြစ်ပြီး ပရိတ်သတ်တွေ ဝင်ရောက်ခွင့်ကို ပိတ်ပင်သွားဖို့လည်း ဆောင်ရွက်နေပြီလို့ သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့က ရရှိခဲ့တဲ့ အစီရင်ခံစာအရ ဖြစ်စဉ်အတွင်း လုံခြုံရေးရဲတပ်ဖွဲ့ဝင် (၂)ဦးလည်းသေဆုံးခဲ့ပြီး လူပေါင်း (၃၄)ဦးက ဘောလုံးကွင်းအတွင်းသေဆုံးခဲ့ကာ ကျန်သူများမှာ ဆေးရုံမှာ ကွယ်လွန်ခဲ့တာလို့ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုအတွင်း ယာဉ်ပေါင်း (၁၃)စီးပျက်စီးခဲ့ပြီး ယင်းအထဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ယာဉ်ပေါင်း (၁၀)စီးလည်း ပါဝင်ခဲ့ပါတယ်။

လက်ရှိမှာတော့ အင်ဒိုနီးရှားလိဂ်ဘောလုံးပြိုင်ပွဲကို ရပ်ဆိုင်းလိုက်သလို ဖြစ်စဉ်နဲ့ ပါတ်သက်ပြီး စုံစမ်းစစ်ဆေးရေးတွေကို ဆောင်ရွက်သွားမယ်လို့ အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်က သတင်းထောက်တွေကို အတည်ပြုပြောဆိုခဲ့ပါတယ်။

ရင်းမြစ် – The Strait Times, Reuter

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.