မော်လမြိုင်၊ အောက်တိုဘာ၊ (၁)ရက်

၂၀၂၂ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်ဆုံးကစားသမားဆုဖြစ်တဲ့ ဘလွန်းဒီအောဆုကို ပြင်သစ်နဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီမာ ရရှိတဲ့ အမည်စာရင်းဟာ အောက်တိုဘာ ၁ ရက်နေ့မှာ အွန်လိုင်းကနေ တဆင့်ပေါက်ကြားလာတာ ဖြစ်ပါတယ်။

ပေါက်ကြားလာတဲ့ ဆုရ အမည်စာရင်းမှာ တိုက်စစ်မှူး ဘန်ဇီမာဟာ ရမှတ် ၅၂၁ မှတ်နဲ့ ဆွတ်ခူးရရှိခဲ့တယ်လို့ ဖော်ပြထားသလို ဘန်ဇီမာ အနောက်မှာတော့ ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်ကစားသမား မာနေးနဲ့ အသင်းဖော် တိုက်စစ်ကစားသမား ဗင်နီစီယက် တို့ ရပ်တည်နေတာပါ။

အဲဒီအမည်စာရင်းရဲ့ Top Ten ကစားသမား ၁၀ ဦးထဲမှာ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ကစားသမား ၄ ဦးထိ ပါဝင်နေပါတယ်။

မန်ယူအသင်းရဲ့ ဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကတော့ အဲဒီအမည်စာရင်းထဲမှာ အဆင့် ၁၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ဘလွန်းဒီအောဆု အမည်စာရင်းဟာ အရင်နှစ်တွေကလည်း အခုလိုပဲ ပေါက်ကြားလေ့ရှိပြီး ပေါက်ကြားလာတဲ့အတိုင်း ကစားသမားတွေကပဲ ဆွတ်ခူးရရှိထားပါတယ်။

ပြင်သစ်မဂ္ဂဇင်းက နှစ်စဉ် ချီးမြှင့်ပေးနေတဲ့ ကမ္ဘာ့အကောင်ဆုံးကစားသမားဆုဖြစ်တဲ့ ဘလွန်းဒီအောဆုကို အောက်တိုဘာ ၁၇ ရက်နေ့မှာ ပေးအပ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.