ရန်ကုန် စက်တင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC)က YBS ဘတ်စ်ကားစီးသူတွေအနေနဲ့ ကတ်စနစ်ကို ပိုမိုသုံးစွဲလာစေဖို့အတွက် ကတ်စနစ်နဲ့ စီးသူတွေကို ပုံမှန်ယာဉ်စီးခထက် ငွေကျပ် ၂၀ လျော့ချပေးလိုက်တယ်လို့ YRTCက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
YRTC က အခုလို ယာဉ်စီးခ ကျပ် ၂၀ လျှော့ချ လိုက်တယ်ဆိုပေမယ့် တချို့သော YBS ယာဉ်လိုင်းတွေဟာ မူလသတ်မှတ်ချက် ဂိတ်စ၊ ဂိတ်ဆုံးခရီးစဉ် ၂၀၀ကျပ်အစား ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်က စတင်ပြီး ၄၀၀ကျပ်ကို တရားဝင်ကြေညာခြင်းမရှိပဲ ကောက်ခံနေတာပါ။
“ကတ်စနစ်နဲ့သုံးရင် ၂၀၀ ကို ၂၀လျှော့မယ်။ ကျွန်တော်တို့က YBS ကတ်ကို အသုံးပြုစေချင်လို့လုပ်တာပါ။ မှတ်တိုင်အရ ကောက်တာက အရင်တုန်းက အလယ်မှတ်တိုင် သတ်မှတ်ပြီးတော့ ဟိုဘက် ဒီဘက် တစ်ဝက်ခွဲတာပေါ့။အခုဆိုရင် အဲဒီလို မဟုတ်တော့ဘူး။ အစအဆုံး မှတ်တိုင် ၃၀ရှိလို့ရှိရင် ဘယ်ကစီးစီး ၁၅မှတ်တိုင်စာပဲ ကောက်မယ်။ တိုးတာမဟုတ်ဘူး။”လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) မှ တွဲဖက်အတွင်း ရေးမှူး ဦးလျှန်ကျင့် မန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
YBSကတ်စနစ်မှာ အစကတည်းက အခြေခံသတ်မှတ်ချက် ကျပ်၂၀၀ မှ ၄၀၀ အထိသာသတ်မှတ်ထားပြီး ငွေကျပ်ငါးရာကျော် ကောက်ခံပါက အရေးယူခံရမှာဖြစ်တယ်လို့ လည်း ဆိုပါတယ်။
နေ့စဉ်လိုင်းကားစီးနင်း နေသူတွေကတော့ လက်ရှိ YBS ယာဉ်လိုင်းတွေက ဘတ်စ်ကားလိုင်းအကုန်လုံးမှာ ကတ်စနစ် ကို အသုံးပြုလို့ရနေတာမဟုတ်လို့ ဘာမှထူးခြားမှုမရှိနိုင်ဘူးလို့ ဝေဖန်နေကြပါတယ်။
“ကတ်က ကားအကုန်လုံးသုံးလို့ ရနေတာ မဟုတ်ဘူး။ အခုဆိုရင် ဘတ်စကားတွေက အကုန်စပယ်ယာပါ နေတာ။ အတက်အ ဆင်းဆို ၃၀၀ပေးနေရတာ တရားဝင်လို ဖြစ်နေတာလေ။ တစ်ခါတစ်လေ ငါးရာပေးစီးရတာလေ။ ပြီးတော့ ညနေ ၆နာရီကျော်ရင် YBSကမရှိတော့ သလောက်မို့ အောက်ဆိုက်ကားကို သူတို့ပါးစပ်ထဲက ပြောတဲ့ကားခပေးပြီး စီးနေရတာ” လို့ ရန်ကုန်မြို့တွင်း နေ့စဉ် အလုပ်ဆင်းနေရသူတစ်ဦး ပြောပါတယ်။
YRTC လက်အောက်မှာ လက်ရှိပြေးဆွဲနေတဲ့ ယာဉ်လမ်းကြော ၁၃၃ လမ်းနဲ့ ယာဉ်လိုင်းအမျိုးအစား ၁၂၃ မျိုးရှိနေပေမယ့် ကတ်စနစ်အသုံးပြုလို့ ရတဲ့ ယာဉ်လိုင်းကတော့ ၁၀ခုဝန်းကျင်သာ ရှိနေတာပါ။
ကတ်စနစ် အသုံးပြုလိုသူတွေ အနေနဲ့ အရင်က ဘတ်စ်ကား ဂိတ်တိုင်းနီးပါးမှာ ကတ်အလွယ်တကူလုပ်လို့ရပေမယ့် အခု အခါမှာတော့ ဂိတ်အစနဲ့ အဆုံး ၂နေရာမှာသာ ကတ်လုပ်ပေးနေတာ ဖြစ်လို့ အခက်အခဲတွေလည်း ဖြစ်နေပါတယ်။
YBS ယာဉ်လိုင်းအများစုဟာ အာဏာသိမ်းခံရပြီးတဲ့နောက် ယာဉ်စီးခတွေကို တိုးမြှင့်ကောက်ခံခဲ့ပြီး YRTCက သက်ဆိုင်ရာကုမ္ပဏီတွေကို သတိပေးခဲ့ပေမယ့် အရေးယူမှုမရှိခဲ့ဘဲ အခုလို ယာဉ်စီးခ ကျပ်၂၀ လျှော့ပေးဖို့ကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာ နေ့စဉ် YBS အစီးရေ တစ်ရာကျော်ပြေးဆွဲနေပြီး ခရီးသည် ငါးသိန်းကျော် စီးနင်းသွားလာလျက်ရှိ တယ်လို့ YRTC က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်