ပခုက္ကူ – စက်တင်ဘာ(၂၃)

မကွေးတိုင်း ပခုက္ကူမြို့နယ်က မြစ်ဖျားရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ (၅၀) နီးပါး မီးလောင်ပျက်စီးခဲ့ပြီး စစ်ဘေးရှောင်နေရသူ ခြောက်ထောင်လောက်ရှိနေတယ်လို့ ပခုက္ကူပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီနေ့ စက်တင်ဘာလ(၂၃) ရက်နေ့ မနက်အစောပိုင်းကစပြီး မြစ်ဖျားကျေးရွာကို စစ်ကောင်စီတပ် ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲ မီးရှို့နေတာပါ။

“လေးဆယ့်ငါးလုံးပါသွားပါတယ်။ တိုက်ပွဲမရှိပါဘူး။ ခုထိ စစ်ကြောင်းက ရွာကနေ မခွာသေးပါဘူး။ အတိအကျတော့စုံစမ်းဆဲပဲဗျ။မိုးရွာရင် လည်း ခက် ခဲ တဲ့ အခြေနေတွေ နဲ့ စစ်ရှောင်တွေ ခဲစားနေရပါတယ်”လို့ ပခုက္ကူပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

မြစ်ဖျားရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ပေါက်၊ဆိပ်ဖြူဘက်ကနေ ယောချာင်း တစ်လျှောက်စစ်ကြောင်းထိုးလာတာဖြစ်ပြီး သူတို့ဖြတ်သန်းလာတဲ့ လမ်းက ကျေးရွာတွေကို တောက်လျှောက်မီးရှို့လာကြတာဖြစ်ပါတယ်။

ယောချာင်းကနေ မြစ်ဖျားရွာအထိ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကြောင့် ဒေသခံပြည်သူတွေဟာ ရွာလုံးကျွတ်ထွက်ပြေးနေရပြီး လူဦးရေ(၆)ထောင်လောက် စစ်ဘေး ရှောင်နေရတယ်လို့ သိရပါတယ်။

ဒေသခံစစ်ရှောင်တွေ များပြားလာတဲ့အတွက် ရိက္ခာအခက်အခဲ၊ဆေးဝါးနဲ့ အမိုးအကာတွေ လိုအပ်နေတဲ့အတွက် ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို တိုက်ရိုက်ဖြစ်စေ တဆင့်ခံ ဖြစ်စေချိတ်ဆက်လှူဒါန်းကြဖို့ တိုက်တွန်းထားပါတယ်။

မကွေးတိုင်းက ပြည်သူပိုင်နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေမီးရှို့ဖျက်ဆီးတာ၊ ပြည်သူ တွေကို ဖမ်းဆီးနှိပ်စက်ခံနေရလို့ ဒေသခံ သောင်းနဲ့ချီဟာ စစ်ဘေးရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်မ်း

ဓာတ်ပုံ – ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.