အမှန်/အမှား

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ဒီပဲယင်းမြို့နယ် လက်ယက်ကုန်း ကျေးရွာက စာသင်ကျောင်းဟာ လက်နက်ထုတ်လုပ် ပဒက်တွေ စုနေတဲ့ နူဂျီကျောင်း “ ဆိုတဲ့အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံသူတွေက စက်တင်ဘာလ( ၁၉)ရက်နဲ့ (၂၀)ရက်တွေမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်ကို ထောက်ခံတဲ့အကြောင်းအရာတွေကို အများအားဖြင့် ဖြန့်ဝေလေ့ရှိတဲ့ Telegram အကောင့်တွေကနေ ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။

“ဒီပဲယင်းမြို့နယ်-လက်ယက်ကုန်းကျေးရွာဖြစ်စဥ်တွင် ဒီပဲယင်းကို တိုက်စစ်ဆင်ဖို့ ဒေသပေါင်းစုံ ပီဒက်များ စုဝေးနေချိန် ကလေးငယ်တွေ ရှေ့ထုတ်ပြီး နောက်ကွယ်မှာ လက်နက်ထုတ်လုပ် လူစုနေတဲ့ နူဂျီကျောင်း” ဆိုတဲ့ ခေါင်းစဥ်နဲ့ စစ်ကောင်စီဝါဒဖြန့် အကောင့်ပုန်းတွေက ဖြန့်ဝေထားကြတာပါ။

စစ်တပ်ထောက်ခံသူတွေရဲ့ အကောင့်တုကတော့ https://bit.ly/3SgdCWy ဖြစ်ပါတယ်ပိုစ့်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး သံလွင်တိုင်းမ်မှ စိစစ်ကြည့်ရာမှာတော့ ဖြစ်စဥ်အမှန်ကို ဖုံးကွယ်ပြီး စစ်တပ်ထောက်ခံသူတွေက ဝါဒဖြန့်ဝေနေတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

လေယာဥ်နဲ့ တိုက်ခိုက်ခံရတဲ့ကျောင်းဟာ စစ်တပ်လော်ဘီအကောင့်တွေ ဖြန့်‌ဝေထားသလို မဟုတ်ဘဲ လက်ယက်ကုန်းကျေးရွာက မူလတန်းစာသင်ကျောင်းတခုသာ ဖြစ်တာကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေရဲ့ဖော်ပြချက်အရ စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ လက်ယက်ကုန်းရွာက စာသင်ကျောင်းဟာ စက်တင်ဘာ ၁၆ ရက်နေ့မှာ စစ်ရဟတ်ယာဉ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခံရတာဖြစ်ပြီး မူလတန်းကလေးတွေအပါအ၀င် ကလေးငယ် ၇ ဦး သေဆုံးခဲ့ပြီး ၁၅ဦး ပျောက်ဆုံးနေတယ်လို့ BBCသတင်းဌာနက ဖော်ပြထားတာတွေ့ရပါတယ်။

လေယာဉ်နဲ့ပစ်ခတ်တိုက်ခိုက်ခံရတဲ့အဆောက်အဦးဟာ စာသင်ကျောင်း ဖြစ်ကြောင်း BBC သတင်းဌာနက ဒေသခံရွာသူရွာသားများကို မေးမြန်းကာ အတည်ပြု သတင်းရေးထားတာကိုလည်း တွေ့ရပါတယ်။

လေယာဉ်နဲ့ပစ်ခံရတဲ့ နေရာမှာ မူလတန်းကလေးငယ်တွေ စာသင်နေတဲ့ ကျောင်းဆောင်ဖြစ်ပြီး မူလတန်းကနေ အလယ်တန်းအထိ သင်ကြားပေးနေတဲ့ စာသင်ကျောင်းတခုသာ ဖြစ်တယ်လို့ ဒေသခံရွာသား ဒီပဲယင်းစစ်ဘေးရှောင် ကူညီရေးအဖွဲ့က ကိုထွန်းအောင်က သံလွင်တိုင်းမ်ကို အတည်ပြု ပြောပါတယ်။

စစ်တပ်ဘက်က စွပ်စွဲထားသလို အဆိုပါကျောင်းမှာ PDFများနဲ့ လက်နက်များ ရှိတယ်ဆိုတာဟာ သတင်းအမှားသာ ဖြစ်ပြီး စာသင်ကျောင်းမှာ ကလေးငယ်တွေနဲ့ဆရာ၊ ဆရာမများသာ စာသင်ကြားနေကြတာလို့ ကိုထွန်းအောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် UNICEF Myanmar ,Save the children စတဲ့ အဖွဲ့အစည်းတွေကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်း တစ်ကျောင်း တိုက်ခိုက်ခံရတဲ့အပေါ် အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။

BBC သတင်းဌာနရဲ့သတင်း ဖော်ပြချက်

https://bbc.in/3dtzS0mhttps://bit.ly/3LtZwP5

ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်

https://bit.ly/3SjsB1K

UNICEF Myanmar နဲ့ Save the children ရဲ့ထုတ်ပြန်ချက်

https://bit.ly/3xZuSHZhttps://bit.ly/3QVmU9d

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ ” ဒီပဲယင်းမြို့နယ်-လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းဟာ လက်နက်ထုတ်လုပ် ပဒက်တွေ စုနေတဲ့ နူဂျီကျောင်း” ဆိုတဲ့ သတင်းဟာ ဖြစ်စဥ်အမှန်ကို သက်သေအခိုင်အလုံမရှိဘဲ စွပ်စွဲရေးသားထားတဲ့ သတင်းတခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.