ဘီးလင်း၊ စက်တင်ဘာ ၁၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာ၊ အနောက်ရွာကြီးရွာလမ်းပေါ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီခန့် အလူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှမင်းဟာ သူရဲ့ရော်ဘာခြံကို ဆိုင်ကယ်နဲ့သွားစဉ် အမည်မသိသေနတ်သမား ၂ ဦးက လာရောက်ပစ်ခတ်ခဲ့တာပါ။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ဦးလှမင်းဟာ ခါးနဲ့ဗိုက်တွေမှာ သေနတ်ဒဏ်ရာ ၃ ချက်ရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးသွားတာဖြစ်ပါတယ်။

“သူအိမ်ကနေ ရော်ဘာခြံကိုသွားတာလို့ သိရတယ်၊ သူသွားလာတတ်တာကို သေနတ်သမားတွေက သိထားပုံရတယ်၊ ဒါကြောင့် လမ်းကနေစောင့်ပြီး ပစ်တဲ့ သဘောပဲ၊ ဖြစ်တဲ့နေရာမှာပဲ သေဆုံးသွားတယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

သေဆုံးသွားတဲ့ ဦးလှမင်းရဲ့အလောင်းကိုတော့ လူနာတင်ယာဉ်နဲ့ ဘီးလင်းဆေးရုံသို့ ယူဆောင်သွားတယ်လို့ သိရပါတယ်။

ဦးလှမင်းဟာ အလူးကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ရပ်ကျေးဥက္ကဌ တစ်ဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့တာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့ကလည်း ဘီးလင်းမြို့မှာ စစ်ကောင်စီတပ်က အငြိမ်းစာဗိုလ်မှူး တစ်ဦးလည်း ဖြစ်တဲ့ မြို့နယ်စစ်မှုထမ်းဟောင်း ဥက္ကဌ ဖြစ်သူ ဦးလှဝင်းသိန်းဟာ သူရဲ့နေအိမ်ရှေ့မှာ သေနတ်နဲပစ်သတ်ခံရပြီး သေဆုံးထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.