မော်လမြိုင်၊ စက်တင်ဘာ (၁၄)

ပရီးမီးယားလိဂ်ကလပ်အသင်း နယူးကာဆယ်အသင်းဟာ လီဗာပူးလ်ဂိုးသမားဟောင်း ကာရီးယပ်စ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပြီးလို့ အတည်ပြုကြေညာလိုက်ပါတယ်။

အသက် ၂၉ နှစ်အရွယ် ဂျာမန်ဂိုးသမား ကာရီးယပ်စ်ကို နယူးကာဆယ်အသင်းက လာမယ့် ဇန်နဝါရီလကုန်ထိ ကာလတိုစာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပြီး စာချုပ်ပါ အချက်အလက်တွေအရ ရာသီကုန်ထိ ဆက်နေခွင့်လည်း ပါဝင်ပါတယ်။

နယူးကာဆယ်အသင်းဟာ အသင်းရဲ့ ဂိုးသမားတစ်ဦးဖြစ်တဲ့ ကားလ်ဒါဘို လေ့ကျင့်ရေးကွင်းမှာ ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့တဲ့အတွက် သူနေရာမှာ ကာရီးယပ်စ်ကို အစားထိုးဖို့ ကာလတိုစာချုပ်နဲ့ ခေါ်ယူလိုက်တာပါ။

ကာရီးယပ်စ်ကတော့ နယူးကာဆယ်အသင်းမှာ ပါဝင်ခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားမိကြောင်းနဲ့ နည်းပြအပါအဝင် အသင်းအဖော်တွေနဲ့အတူ အကောင်းဆုံး ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

ကာရီးယပ်စ်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ဘောလုံးရာသီမှာ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး အဲဒီနောက်မှာတော့ ဘက်ဆစ်တစ်နဲ့ ဘာလင်အသင်းတို့မှာ အငှားသွားကစားခဲ့ပြီးနောက် လီဗာပူးလ်အသင်းနဲ့ လမ်းခွဲလိုက်တာပါ။

ပရီးမီးယားလိဂ်မှာ ကျင်လည်ဖူးတဲ့ ကာရီးယပ်စ်ဟာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၄၉ ပွဲကစားထိ ကစားပေးခဲ့တာပဲ ဖြစ်ပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.