ရန်ကုန်၊ စက်တင်ဘာ (၁၀)

သင်္ဘောသားတွေရဲ့ နိုင်ငံခြားလစာငွေကို တတ်နိုင်သရွှေ့ အမြင့်ဆုံးနှုန်းထားနဲ့ ဝယ်ယူပေးဖို့ ဗဟိုဘဏ်က ညွှန်ကြားထားကြောင်း ဧရာဝတီဘဏ်ရဲ့ ပြောဆိုချက်အပေါ် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်(MSF) က ကိုးကားပြီး စက်တင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သင်္ဘောသားတွေအနေနဲ့ ဧရာဝတီဘဏ်ရဲ့ ငွေစုဘဏ်စာရင်းကနေ ရရှိတဲ့ နိုင်ငံခြားလစာငွေကို အခြားဝယ်ယူသူထံ တိုက်ရိုက်ရောင်းချခွင့်ရှိပေမယ့် နိုင်ငံခြားငွေ လက်ခံရရှိတဲ့နေ့ကစပြီး ၂၁ ရက်အတွင်း အပြီးအပိုင် လွှဲပြောင်းရောင်းချရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မိမိရဲ့ နိုင်ငံခြားလစာငွေကို ဒေသခံကိုယ်စားလှယ်ထံကနေ နိုင်ငံခြားငွေနဲ့သာ လက်ခံရယူပြီး မြန်မာနိုင်ငံအတွင်းရှိ ဘဏ်တွေကို ပေးသွင်းမှသာ ငွေလဲလှယ်နှုန်းမြင့်မားတဲ့ ကျပ်ငွေကို ရရှိမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါပေမယ့် ဒေသခံကိုယ်စားလှယ်ကနေ ကျပ်ငွေ ထုတ်ပေးတာကို လက်ခံတာဟာ မိမိရဲ့ သဘောဆန္ဒသာဖြစ်ပြီး ငွေလဲနှုန်းကို ဘဏ်ကနေ လဲလှယ်ပေးမယ့် နှုန်းထားအရ ရနိုင်၊ မရနိုင်ကို ခန့်မှန်းရခက်တယ်လို့လည်း မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်(MSF) က ဆိုထားပါတယ်။

ငွေကြေးလေ့လာသုံးသပ်သူတစ်ဦးကတော့ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်ဟာ ပုဂ္ဂလိကဘဏ်တွေအနေနဲ့ အမြင့်ဆုံးနှုန်းထားနဲ့ ဝယ်ချင် ဝယ်နိုင်သလို မဝယ်ချင်လည်း မဝယ်လို့ရတဲ့ အနေအထားတာ ဖြစ်ပြီး သက်ရောက်မှု မရှိနိုင်ဘူးလို့ သုံးသပ်တာပါ။

“ဘဏ်အနေနဲ့ အမြင့်ဆုံးနှုန်းထားနဲ့ ဝယ်ပေးပါဆိုပြီး ပြောတဲ့ သဘောပေါ့။ဥပမာ ဘဏ်အချင်းချင်းဆို သင်္ဘောသားတွေဆိုတော့ ကူညီနိုင်သလောက် ကူညီပေးပါဆို သဘောပဲ။ကူညီချင်မှလည်း ကူညီမယ်၊ မကူညီချင်ရင်လည်း မကူညီဘူးပေါ့။ဒီသဘောတော့ ရှိမှာပေါ့။အခုကြေညာချက်လောက်က ဘာမှဈေးကွက်အပေါ် မသက်ရောက်ဘူး။ခန့်မှန်းရခက်သေးတယ်။ လုပ်ချင်လုပ်မယ်၊ မလုပ်ချင် မလုပ်ဘူးပေါ့။ဒီအပေါ် မူတည်ပြီး နောက်ပိုင်းကျရင် ပြင်ပပေါက်ဈေးနဲ့ သွားမလား၊ဘဏ်တွေအနေနဲ့ အရင်တုန်းကလိုမျိုး တိုက်ရိုက်ဗီဇာကို ပုံမှန်ငွေလွှဲတိုင်း ဖွင့်ပေးမလားဆိုတာ မေးခွန်းတစ်ခု ထွက်လာလိမ့်မယ်၊ အဲဒီသဘော ရှိမှာပေါ့”လို့ သူက သုံးသပ်ပါတယ်။

ဗဟိုဘဏ်က ပြီးခဲ့တဲ့ ဩဂုတ် ၃၁ ရက်နေ့တုန်းက ပြည်ပမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံခြားငွေနဲ့ ရရှိတဲ့ လုပ်ခဝင်ငွေတွေကို နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားနေတဲ့(AD) လိုင်စင်ရ ဘဏ်တွေကနေ တရားဝင် ပြန်လွှဲပြီး စိတ်ကြိုက်သုံးစွဲနိုင်တယ်လို့ ထုတ်ပြန်ထားတာပါ။

ပြည်တွင်းအခွန်ဦးစီးဌာနကလည်း နိုင်ငံခြားကနေ ပြည်တွင်းကို တရားဝင်လွှဲပြောင်းတဲ့ ငွေတွေကို မော်တော်ယာဉ်ဝယ်ယူတာ၊ အခြေခံပစ္စည်းဝယ်ယူတာ၊ တည်ဆောက်တာနဲ့ ရင်းနှီးမြုပ်နှံတဲ့နေရာတွေမှာ အခွန်ကင်းလွတ်ခွင့်ပြုမယ်လို့ မက်လုံးပေးထားပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း ဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာကို ၂၁၀၀ ကျပ်အဖြစ် ငွေလဲလှယ်နှုန်း သတ်မှတ်လိုက်ပြီး ပြင်ပပေါက်ဈေးတွေမှာတော့ တစ်ဒေါ်လာ ကျပ် ၃၀၀၀ ကျော်အထိ မြင့်တက်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘဏ်တွေကနေ တရားဝင်ငွေလွှဲပြောင်းမှုဟာ တစ်ဒေါ်လာ ၂၁၀၀ ကျပ်သာ ဖြစ်နေတဲ့အတွက် ပြည်ပရောက် နိုင်ငံသားတွေအနေနဲ့ ငွေလဲနှုန်း ပိုရတဲ့ ပြင်ပငွေလွှဲလမ်းကြောင်းတွေကိုသာ ပြန်သုံးမှာ ဖြစ်ပြီး ဗဟိုဘဏ်ရဲ့ ကြေညာချက်ဟာ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ငွေကြေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.