ထားဝယ်၊ စက်တင်ဘာ (၁၀)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ လဲ့ရှောင်ကျေးရွာမှာ စက်တင်ဘာ ၈ ရက်နေ့ ည ၇ နာရီလောက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အမာခံ အသက် ၆၀ အရွယ် ဦးကြည်စိုး သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

NLD ပါတီ အမာခံ ဦးကြည်စိုးဟာ နေအိမ်အနီးရှိ ရေတွင်းမှာ ရေချိုးနေစဉ် အမည်မသိ သေနတ်သမား ၂ ဦးက ဆိုင်ကယ်နဲ့ လာရောက်ပြီး ဦးခေါင်းကို သေနတ်နဲ့ ၂ ချက် ပစ်ခတ်ခဲ့တာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဦးကြည်စိုးဟာ အခင်းအဖြစ်နေရာမှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

“သူက သူအိမ်အနားက ရေတွင်းမှာ ရေချိုးနေတဲ့အချိန် မျက်နှာကို အဝတ်မည်းအုပ်ထားတဲ့ သူ ၂ ယောက်က ဝင်လာပြီး ခေါင်းကိုသေနတ်နဲ့ပစ်သွားတာ၊ ပစ်ပြီး ခပ်တည်တည်ပဲ ပြန်ထွက်သွားတာ၊ မိသားစုတွေ သွားကြည့်တော့ အသက်မရှိတော့ဘူး” ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒေသခံတွေကတော့ ဦးကြည်စိုးကို ပျူးစောထီအဖွဲ့က လာရောက် ပစ်ခတ်သတ်ဖြတ်သွားတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဦးကြည်စိုးဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ဆန်းပိုင်းမှာ စစ်ကောင်စီတပ်တွေက လာရောက် ဖမ်းဆီးသွားပြီးနောက် ပြန်လွတ်လာတာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီးထဲမှာ စစ်တပ် အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူ ၂၄၀ ကျော် သတ်ဖြတ်ခံထားရတယ်လို့ သုတေသနအဖွဲ့ တစ်ခု ဖြစ်တဲ့ Southern Monitor အဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.