တိုကျို၊ စက်တင်ဘာ(၉) 

မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှုပုံစံနဲ့ ခြိမ်းခြောက်ရန်စမှုကို ပြန်လည်တုန့်ပြန်ဖို့အတွက် ဂျပန်၊တောင်ကိုရီးယားနဲ့ အမေရိကန်တို့က ပိုမိုခိုင် မာတဲ့ နျူကလီးယားနဲ့ပတ်သက်တဲ့ ဆက်ဆံရေးကိုထူထောင်မယ်လို့ သဘောတူညီခဲ့ကြပါတယ်။

ယခုနှစ်အတွင်း မြောက်ကိုရီယားဟာ ပုံမှန်မဟုတ်တဲ့ ဒုံးကျည်ပစ်လွှတ်မှု တော်တော်များများကို ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ တော့ ပြုံးယမ်းဟာ ရုရှားထံ လက်နက်များကို ရောင်းချနိုင်တယ်လို့ အမေရိကန်က သတိပေးခဲ့ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ ၂၀၁၇ခုနှစ်နောက်ပိုင်းကစပြီး ပထမဆုံးနျူကလီးယားစမ်းသပ်မှုတွေ ပြုလုပ်တော့မယ် အရိပ်အယောင် ကို မြင်လာရပြီးတဲ့နောက်မှာတော့ သုံးနိုင်ငံကလုံခြုံရေးဆိုင်ရာ အကြံပေးတွေပါဝင်တဲ့ တွေ့ဆုံမှုတွေကို ပြုလုပ်ခဲ့ပါတယ်။ ယမန် နေ့က ဟာဝိုင်အီမှာ ပြုလုပ်ခဲ့တဲ့ သုံးနိုင်ငံတွေ့ဆုံဆွေးနွေးမှုအပြီးမှာ  ဒီလိုဆုံးဖြတ်ချက်ချခဲ့တာပါ။

“မြောက်ကိုရီးယားဟာ သူ့ရဲ့နျူ ကလီးယားနဲ့ ဒုံးကျည်စွမ်းရည်တွေကို အရှိန်မြှင့်လုပ်ဆောင်နေပြီး၊ နျူကလီးယားစမ်းသပ်မှု အပါအဝင် နောက်ထပ် ရန်စဖို့ အလားအလာတွေရှိနေပါတယ်”လို့ ဂျပန်သံတမန် တာခီဟီရို ဖူနကိုရှိ က ဗုဒ္ဓဟူးနေ့ ဆွေးနွေး ပွဲမတိုင်မီမှာ  ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုများပြုလုပ်ရန် တံခါးဖွင့်ထားဆဲ ဖြစ်ပြီး မြောက်ကိုရီးယားရဲ့ သဘောထားကို အမြဲ တမ်းကြိုဆိုကြောင်း အမေရိကန်မှ မစ္စတာဆွန်ကင်နှင့် တောင်ကိုရီးယားမှ မစ္စတာကင်မ်ဂွန်းတို့က ပြောပါတယ်။

မစ္စတာဆွန်ကင်မ်က အမေရိကန်အနေနဲ့ ဘယ်လိုအရေးပေါ်အခြေအနေအတွက်မဆို ပြင်ဆင်ထားကြောင်းပြောကြားခဲ့ပြီး  “ကျွန်တော်တို့ရဲ့ အဓိကအချက်က မပြောင်းလဲသေးပါဘူး။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ကိုရီးယားကျွန်းဆွယ်မှာ ပြီးပြည့်စုံတဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးပါပဲ”လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။

သုံးနိုင်ငံက ကိုယ်စားလှယ်တွေဟာ မြောက်ကိုရီးယားရဲ့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ပူပန်ကြောင်းကို ဝေမျှ ပြောဆိုခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။

မြောက်ကိုရီးယားအနေနဲ့လည်း ယခုနှစ်အတွင်းမှာ မကြုံစဖူးသော အရှိန်အဟုန်တွေနဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို ပြုလုပ်ခဲ့ပါ တယ်။ ပြီးခဲ့တဲ့ သြဂုတ်လလယ်က တောင်ကိုရီးယားနဲ့ အမေရိကန်တို့ကနှစ်များစွာအတွင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုများပြန်လည်စတင်ခဲ့တဲ့နောက်မှာတော့ မြောက်ကိုရီးယားဟာ သူ့ရဲ့ အနောက်ဘက်ကမ်းရိုးတန်းကနေ ခရုဇ်ဒုံးကျည်နှစ်စင်းကို ပစ်လွှတ်ခဲ့တာပါ။

တောင်ကိုရီးယားနဲ့ အမေရိကန်ရဲ့ စစ်ရေးလေ့ကျင့်မှုကို စစ်ပွဲအတွက်အစမ်းလေ့ကျင့်နေတာဖြစ်တယ်လို့ မြောက်ကိုရီးယား ဘက်က ယခင်ကာလများကတည်းက ရှုတ်ချခဲ့တာ ဖြစ်ပါတယ်။

“မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှုလုပ်ရင် ပျော့ပြောင်းတဲ့ တုံ့ပြန်မှုမျိုး ရှိမှာမဟုတ်ဘူး“လို့ တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံပေး မစ္စတာ ကင်မ်ဆွန်ဟန်က ဟာဝိုင်အီမှာကျင်းပခဲ့တဲ့ အစည်းအဝေးအပြီးမှာ ပြောပါတယ်။

ဘယ်လိုပုံစံတုံ့ပြန်မလဲဆိုတဲ့ အသေးစိတ်ကို ပြောကြားခဲ့ခြင်း မရှိပေမယ့်လည်း ယခင်ကတော့ ဒဏ်ခတ်ပိတ်ဆို့မှုများကိုသာ တိုးပြီးလုပ်ဆောင် ခဲ့တာပါ။

နောက်ထပ်စိုးရိမ်စရာတစ်ခုကတော့ မြောက်ကိုးရီးယားဟာ စစ်အေးခေတ်မဟာမိတ်ဟောင်း ရုရှားကို လက်နက်တွေ ရောင်းချနိုင်တာကြောင့်လည်း ဖြစ်ပါတယ်။

ရုရှားက မြောက်ကိုရီးယားထံမှ ဒေါ်လာသန်းနဲ့ချီတဲ့ အမြောက်ကျည်တွေနဲ့ ရော့ကတ်ဒုံးကျည်တွေကိုဝယ်ယူတော့မယ် လို့ အိမ်ဖြူတော်က အင်္ဂါနေ့မှာ ပြောကြားခဲ့ပေမယ့်လည်း အခုချိန်အထိတော့ ဝယ်ယူတယ်ဆိုတဲ့ အရိပ်အယောင်ကို မတွေ့ရသေး ပါဘူး။

Ref:The Straits Time

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.