စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” ဗုံးခွဲရန်လာသော မွတ်ဆလင်တဦးကို ပစ်ခတ်ဖမ်းဆီး” ဆိုတဲ့အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံသူတွေက သြဂုတ်လ (၅)ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်အား ထောက်ခံတဲ့အကြောင်းအရာတွေကို အများအားဖြင့် ဖြန့်ဝေလေ့ရှိတဲ့ တပ်ကြပ်ကြီးဖိုးစည်စတဲ့ လူမှုကွန်ယက်စာမျက်နှာတွေနဲ့ အကောင့်တွေကနေ ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို၊ စစ်တွေတက္ကသိုလ်ရှေ့အနီးရှိ ရဲတပ်ရင်းကို စက်တင်ဘာလ ၄ ရက်မနက်ပိုင်းက ဗုံးခွဲဖို့လာတဲ့ ဇမီရ်ဟူစိန်ဆိုသူကို တွေ့ရှိ၍ ဖမ်းစီးစဉ် ထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရာက သေဆုံးခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် အကောင့်ပုန်းတွေက ရေးသား ဖြန့်ဝေ ထားကြတာပါ။

ဝါဒဖြန့် သတင်း Link ကတော့ https://bit.ly/3qdafU2 ဖြစ်ပါတယ်။

ပိုစ့်ပါစာသားနှင့် ဓာတ်ပုံကို သံလွင်တိုင်းမ်မှ စစ်ဆေးကြည့်ရာမှာတော့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ဒါးပိုင်ကျေးရွာက မူဆလင်လူငယ်တစ်ဦးကို စစ်တွေတက္ကသိုလ်နဲ့ ကပ်လျက်ရှိတဲ့ အမှတ် (၃၆)ရဲတပ်ရင်းက ရဲသားတစ်ဦးက သေနတ်နဲ့ ပစ်သတ်လိုက်ခြင်းသာ ဖြစ်တာကို စိစစ် တွေ့ရှိရပါတယ်။

စစ်တပ်ထောက်ခံသူတွေ စွပ်စွဲရေးသားထားသလို သေနတ်ပစ်ခံရပြီးသေဆုံးသွားသူဟာ ဗုံးဖောက်ခွဲရန်လာတာမဟုတ်ဘဲ ဘုမေရွာမှ ဒါးပိုင်သို့သွားသည့်လမ်းမှာ ရဲတပ်ရင်း(၃၆)မှ ထောက်ခံစာစစ်ဆေးစဉ် မပြနိုင်လို့ ရဲတပ်ရင်း(၃၆)က ပစ်ခတ်လိုက်တာကြောင့် သေဆံးသွားရခြင်းသာ ဖြစ်တယ်ဆိုတာ Development Media Groupနဲ့ Narinjaraသတင်းဌာနတို့က ဒေသခံမျက်မြင်တွေကို မေးမြန်းကာ ရေးသားဖော်ထုတ်ထားတာ တွေ့ရပါတယ်။

ရဲတပ်ရင်း(၃၆)မှ ရဲတပ်သားက အထောက်အထားများစစ်ဆေးရာမှာ စကားအချေအတင် ဖြစ်ပွားခဲ့သည့်အတွက် ယခုကဲ့သို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက Development Media Groupကို ဖြေထားတာကို သတင်းထဲမှာ တွေ့ရပါတယ်။

လက်ရှိမှာတော့ အဆိုပါရဲတပ်သားကို ချုပ်နှောင်ထားပြီး စစ်ဆေးမှုများပြီးပါက ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ Development Media Groupက ရေးသားပါတယ်။

အဖြစ်မှန် ဖော်ပြထားတဲ့ ယုံကြည်ရတဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက် အပြည့်အစုံကတော့

Development Media Group – https://bit.ly/3QidtAf

Narinjaraသတင်းဌာန – https://bit.ly/3AQGq0K

Myanmar now – https://bit.ly/3eeQ0mf

Rohingya Right voice – https://bit.ly/3qfKYsA

Western News – https://bit.ly/3Rj1iEI

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “ဗုံးခွဲရန်လာသော မွတ်ဆလင်တစ်ဦးကို ပစ်ခတ်ဖမ်းဆီး“ ဆိုတဲ့ အကြောင်းအရာဟာ ဖြစ်စဥ်အမှန်ကို သက်သေ အခိုင်အလုံမရှိဘဲ စွပ်စွဲရေးသားထားတဲ့ သတင်းတခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.