ဆိုးလ်၊ စက်တင်ဘာ ၅

အင်အားပြင်း တိုင်ဖုန်းမွန်တိုင်း ဟင်နမ်နာ ဟာ တောင်ကိုရီးယားနိုင်ငံသို့ ယနေ့ စက်တင်ဘာ ၅ ရက်နေ့က ဝင်ရောက်ခဲ့ တာကြောင့် လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းတာ၊ လုပ်ငန်းလည်ပတ်မှုအချို့ကို ဆိုင်းငံ့ထားရတာတွေနဲ့  စာသင်ကျောင်း တွေကိုပါ ပိတ်ထားခဲ့ရပါတယ်။

အဲဒီတိုင်ဖုန်းမုန်တိုင်းဟာ တောင်ကိုရီးယားနိုင်ငံအတွက် ငါးနှစ်အတွင်း  ပထမဦးဆုံး အကြိမ်အဖြစ် အပြင်းထန်ဆုံးအဆင့်နဲ့ တိုက်ခတ်မယ့် မုန်တိုင်းဖြစ်ကြောင်း တောင်ကိုရီးယား မိုးလေဝသဌာန (KMA) က ထုတ်ပြန်ထားပါတယ်။

နိုင်ငံရဲ့ အမြင့်ဆုံးသတိပေးချက်ကို ထုတ်ပြန်ခဲ့ရတဲ့ ဟင်နမ်နာတိုင်ဖုန်းမုန်တိုင်းကြောင့် တောင်ကိုရီးယားနိုင်ငံရဲ့တောင်ပိုင်းမှာ မိုးသည်းထန်စွာရွာ သွန်းခြင်းနဲ့ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး မြောက်ဖက်သို့ တစ်နာရီလျှင် ၂၄ကီလိုမီတာနှုန်းနဲ့ ရွေ့လျားသွားခဲ့ပါတယ်။

ဟင်နမ်နာ မုန်တိုင်းဟာ တနင်္လာနေ့နှောင်းပိုင်းမှာ ဂျယ်ဂျူး ကျွန်းကမ်းလွန်ရေပြင်ကို ရောက်ရှိပြီးတဲ့နောက်၊ အင်္ဂါနေ့ အစောပိုင်းမှာတော့ ဘူဆန်ဆိပ်ကမ်းမြို့ ရဲ့ အနောက်တောင်ဘက် ကုန်းတွင်းပိုင်းကို ဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

အင်အားအလွန်ပြင်းတဲ့ တိုင်ဖုန်းမုန်တိုင်း ဖြစ်တာကြောင့် ပျက်စီးမှုအနည်းဆုံးဖြစ်အောင် ကြိုးပမ်းအားထုတ်မှုတွေ ပြုလုပ်ကြဖို့ အာဏာပိုင်တွေကို အမိန့်ပေးပြီးတစ်ရက်အကြာ တနင်္လာနေ့မှာတော့ အရေးပေါ် အသင့်အနေအထားမှာ ရှိနေမယ်လို့လည်း သမ္မတ ယွန်းဆော့ယောက ပြောကြားခဲ့ပါတယ်။

“တိုင်ဖွန်းမုန်တိုင်းကြောင့် နိုင်ငံတစ်ဝှမ်းမှာ အင်္ဂါနေ့အထိ လေပြင်းတိုက်ခတ်မှုတွေနဲ့ မိုးသည်းထန်စွာရွာသွန်းနိုင်မယ်လို့ ခန့်မှန်းထားပြီး ကမ်းရိုးတန်းဒေသမှာ ဆူနာမီလို လှိုင်းကြီးမယ်လို့ ခန့်မှန်းထားပါတယ်” လို့ ကိုရီးယား မိုးလေဝသဌာန (KMA) က အသိပေးထားပါတယ်။KMA ရဲ့ မိုးလေဝသ ခန့်မှန်းချက်တွေအရ ဟင်နမ်နာ မုန်တိုင်းဟာ ဂျပန်နိုင်ငံ ဆာပိုရိုရဲ့ အရှေ့မြောက်ဘက်သို့  ဦးတည်နေတာပါ။

မုန်တိုင်းတွေရဲ့ ပြင်းအားအဆင့်ကို ပုံမှန်အဆင့်၊ ပြင်းထန်အဆင့်၊ အလွန်ပြင်းထန်အဆင့်နဲ့ အလွန့်အလွန် ပြင်းထန်တဲ့အဆင့် ဆိုပြီး လေးမျိုးခွဲခြားသတ်မှတ်ထားပါတယ်။ KMA ရဲ့ အဆိုအရ ဟင်နမ်နာဟာ တောင်ကိုရီးယားကို အင်အားအလွန်ပြင်းထန်တဲ့ အဆင့်နဲ့ တိုက်ခတ်မှာ ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

ဂွမ်ဂျူး၊ ဘူဆန်၊ ဒေဂူး၊ အူလ်ဆန်အပါအဝင် နိုင်ငံတောင်ပိုင်းမှ မြို့များနှင့် ဂျယ်ဂျူးကျွန်းတို့တွင်သတိပေးချက်များကို ထုတ်ပြန် ထားပါတယ်။ ဗဟိုဘေးအန္တရာယ်နှင့် ဘေးကင်းရေးဆိုင်ရာ တုံ့ပြန်ရေးဌာနချုပ်က ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မုန် တိုင်းသတိပေးချက် အဆင့်လေးဆင့်မှာ နောက်ဆုံးအဆင့် အနေနဲ့ တပ်လှန့်ထားပါတယ်။

ရေကြီးမှုတွေကြောင့်  အဆောက်အဦ ဆယ့်တစ်လုံးခန့် ထိခိုက်ခဲ့ရပြီး လူပေါင်း ၁၀၀ ကျော်ကိုဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပေမယ့် အခုချိန်အထိတော့ လူအသေအပျောက်မရှိသေးဘူးလို့ သိရပါတယ်။

ကိုရီးယားလေကြောင်းလိုင်းနဲ့ အာဆီယားနား လေကြောင်းလိုင်းတို့က ဂျယ်ဂျူးကျွန်းသို့ ပျံသန်းမယ့် တနင်္လာနေ့ခရီးစဉ် အများစုကို ဖျက်သိမ်းလိုက်ကြောင်း ၎င်းတို့ရဲ့ ဝက်ဆိုက်မှာ ကြေညာထားခဲ့ပြီး ဈေးသက်သာတဲ့ လေကြောင်းလိုင်းတွေ ဖြစ်တဲ့ Air Seoul နှင့် Jin Air ကဲ့သို့သော ဈေးသက်သာတဲ့ လေကြောင်းလိုင်းများကလည်း  ၎င်းတို့ရဲ့ ခရီးစဉ်အချို့ကို ဖျက်သိမ်းခဲ့ပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.