ရေး၊ စက်တင်ဘာ ၆
သင်တန်းဆင်းပြီး ပြန်လာတဲ့ ရေးမြို့နယ် အခြေစိုက်တပ်တွေက ဒုအရာခံဗိုလ် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ရေးမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့က သင်တန်းဆင်းပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးကို သံဖြူဇရပ်-ရေး ကားလမ်းပိုင်းတစ်နေရာမှာ KNLA ၊ PDF ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးဟာ သံဖြူဇရပ်မြို့နယ်ဝဲကလိ အမှတ်(၄)တန်းမြင့်လေ့ကျင့်ရေးကျောင်းကနေ သင်တန်းဆင်းပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲမှာ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာအခြေစိုက် စစ်ကောင်စီ ခမရ (၃၄၃) တပ်ရင်းက ဒုအရာခံဗိုလ် လှတင် အပါအဝင် ၄ ဦးနဲ့ရေးမြို့ အခြေစိုက် ခလရ (၆၁) က တပ်သား စည်သူထက် အပါအဝင် စစ်ကောင်စီတပ်သား ၄ ဦး၊ စုစုပေါင်း ၈ ဦး ဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အဆိုအရ သံဖြူရပ်-ရေးကားလမ်းမှာ KNLA ပူးပေါင်းအဖွဲ့က စစ်ဆေးတာတွေ ဆောင်ရွက်နေစဉ် အရပ်သား ကားတစ်စီးကို စစ်ဆေးရာမှာ သင်တန်းဆင်းပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့တာပါ။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KNLA တပ်မဟာ(၆) နဲ့ မွန်ပြည်နယ်တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသလို ဒီအခြေအနေနဲ့ ပတ်သက်ပြီး KNU တပ်မဟာ(၆)ထံ ဆက်သွယ်မေးမြန်းပေမယ့် လက်ရှိအချိန် အဆက်အသွယ် ရရှိတာ မရှိသေးပါဘူး။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးစဉ် သံသေတ္တာတွေ အပါအဝင် စစ်ဘက်အရပ်ဘက် အသုံးဆောင် ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပြီး လက်နက်တွေတော့ မပါဘူးလို့ ဆိုပါတယ်။
ဖမ်းဆီးခံ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လတ်တလောမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုရဲ့ စခန်းတစ်ခုမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
သတင်း-သံလွင်တိုင်းမ်