မြိုင် – စက်တင်ဘာ(၆)

မကွေးတိုင်း မြိုင်မြို့နယ်က ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က မီးရှို့လို့ နေအိမ်(၁၆)လုံး မီးလောင်ပျက်ဆီးခဲ့တယ်လို့ Basic Education General Strike Committee-BEGSC-Myaing ကထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၅) ရက်နေ့က အိုးဘိုကန်ရွာက နေအိမ်(၁၄) လုံးနဲ့ ကန်နက်ရွာက နေအိမ် (၂) လုံးစုစုပေါင်း (၁၆)လုံးကို မီးရှို့ဖျက်ဆီးခဲ့တာပါ။ “မြိုင်မြို့နယ်မြောက်ပိုင်း ကန်နီရွာမှာတပ်စွဲထားတဲ့ စစ်တပ်နဲ့ ပျူစောထီးတွေက မီးရှို့သွားတာ။ ဒုတိယအကြိမ်မီးရှို့ခံရတာ။” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ကန်နက်ကျေးရွာကို ပြီးခဲ့တဲ့ ဇွန်လမှာစစ်ကောင်စီက ပထမအကြိမ်မီးရှို့ဖျက်ဆီးချိန်မှာ နေအိမ်(၁၀၀) ကျော် မီးလောင်သွားခဲ့ပြီး အဲ့ဒီကျေးရွာမှာ နေအိမ်(၁၁၅)လုံးပဲရှိတဲ့အတွက် ရွာလုံးကျွတ်နီးပါးမီးရှို့ခံခဲ့ ရတာဖြစ်ပါတယ်။

မကွေးတိုင်း ပခုက္ကူခရိုင်အတွင်းက ပခုက္ကူ၊ရေစကြို၊မြိုင်၊ ပေါက် စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနေ့စဉ်နီးပါးတိုက်ပွဲ ဖြစ်ပွားနေပါတယ်။

စစ်ကောင်စီတပ်က တိုက်ပွဲမှာအထိနာချိန်တိုင်းမှာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ လက်နက်ကြီး နဲ့ရမ်းသစ်ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်တာနဲ့ ဒေသခံပြည်သူတွေကို မတရားဖမ်းဆီးသတ်ဖြတ်တာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – BEGSC-Myaing

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.