စစ်တွေ – စက်တင်ဘာ(၄)

အာဏာသိမ်းစစ်ကောင်စီ တပ်သားတွေဟာ လက်နက်မရှိတဲ့ အရပ်သား ပြည်သူတွေကိုသာ တိုက်ခိုက်ရဲတာကြောင့် သူရဲဘောကြောင်သူတွေဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် က ပြောဆိုလိုက်ပါ တယ်။

ဒီနေ့ စက်တင်ဘာလ(၄) ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေတဆင့် အခုလို ရေးသားခဲ့တာပါ။

“မြောက်ဦးက လက်နက်မဲ့ အရပ်သားတွေကိုသာ တိုက်ခိုက်ရဲတဲ့ သူရဲဘောကြောင်သူတွေ မြောက်ဦး စစ်ဆေင်ရေးကို တပ်မ(၅၅) တပ်မှူးရဲ့ တိုက်ရိုက်အမိန့်နဲ့ ဆောင်ရွက်တာဖြစ်တယ်” လို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ မေလ(၅) ရက်နေ့တုန်းကလည်း AA စစ်ဦးစီးချုပ်က စစ်ကောင်စီလက်အောက်ခံ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးကို လူမှုကွန်ယက်ကနေတဆင့် ငြိမ်းချမ်းရေးကို ဂရုစိုက်နေမှာ မဟုတ်ပဲ တိုင်းမှူးရှိတဲ့နေရာထိတိုက်ခိုက်မှာဆိုပြီး သတိပေးထား ဖူးပါတယ်။

အဲ့ဒီလို သတိပေးခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် တို့ကြား ထိတွေ့မှုတွေရှိလာပြီး စစ်ကောင်စီတပ်ဘက်က အထိအခိုက်အသေဆုံးများနေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေက ရခိုင်ပြည်နယ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေလုပ် ဆောင်နေသလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေ အိုးအိမ် စွန့်ခွာထွက်ပြေးနေရပါတယ်။

ရခိုင်ပြည်နယ်ရဲ့ လက်တလောစစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး AA ပြောခွင့်ရ ခိုင်သုခကို သံလွင်တိုင်းမ်က ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.