မော်လမြိုင် – စက်တင်ဘာ(၅)

နိုင်ငံခြားငွေလဲနှုန်းမြင့်တက်လာရတာဟာ မီဒီယာတွေကြောင့်ဖြစ်ရတာလို့ စစ်ကောင်စီ ဗဟို ဘဏ်ဥက္ကဌရဲ့ ပြောဆိုမှုဟာ အဘက်ဘက်ကယိုယွင်းလာတဲ့ နိုင်ငံစီးပွားရေးအခြေအနေကို မထိန်းနိုင်လို့အကြောင်းပြချက်ရှာတာဖြစ်တယ်လို့ ဝါရင့်မီဒီယာသမားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၃၁) ရက်နေ့က တစ်ဒေါ်လာကို ကျပ်ငွေ(၄၅၀၀) နဲ့ အခေါက်ရွှေတစ်ကျပ် သားကို (၃၈) သိန်းအထိစံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ဗဟိုဘဏ်ဥက္ကဌကဒေါ်သန်းသန်းဆွေ က စွပ်စွဲပြောဆိုခဲ့တာပါ။

“မီဒီယာကြောင့် ဒေါ်လာဈေးတက်တယ်ဆိတာ လွဲမှားတဲ့ ကောက်ချက်ပါ စီးပွားရေးလောကကို မီဒီယာရဲ့ဂယက်ရိုက်ခတ်နိုင်တယ်ဆိုတာမျိုးကို လက်ခံတယ်။ ဒါပေမဲ့ ဒေါ်လာဈေးတက်ရတဲ့အ ကြောင်းက မီဒီယာကြောင့်လို့ပြောတာက လွဲမှားပါ တယ်။ ဒါက အကြောင်းပြချက်တစ်ခု ကိုရှာ တဲ့ အဓိပ္ပါယ်ပဲလို့ ပြောချင်တယ်” လို့ သတင်းမီဒီယာကောင်စီတွဲဘက်အတွင်းရေးမှူးဟောင်း ဦးမြင့်ကျော်က ပြောပါတယ်။

ဒါ့အပြင် မီဒီယာတွေအနေနဲ့ ဘယ်လောက်ထိ သတင်းအချက်အလက်မေးမြန်းခွင့်ရနေသလဲ ဆိုတာနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက အများသိသင့်တဲ့ ကိစ္စတွေကို ထုတ်ဖော်ပြောဆိုတဲ့ အချက်အလက်တွေပေါ်မှာသာမူတည်တယ်လို့ သူက ပြောပါသေးတယ်။

မြန်မာနိုင်ငံရဲ့ ဒေါ်လာ၊ရွှေနဲ့ အိမ်ခြံမြေစျေးကွက်တွေဟာ စစ်အာဏာရှင်းဟောင်း ဦးသန်းရွေ လက်ထက်ထည်းက ကောလဟာလအမျိုးမျိုးနဲ့ စျေးကွက်တည်ငြိမ်မှုမရှိပဲ စီးပွားရေးသမား တွေနဲ့ ခရိုနီတွေ ကျင်လည်ကြက်စားနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ဗဟိုဘဏ်ဥက္ကဌရဲ့ အရှက်မဲ့စွာဝေဖန်ပြောဆိုမှုတွေဟာ မမှန်ကန်ပဲ ဒေါ်လာစျေးအဆမတန် မြင့်တက်လာရတဲ့ အဓိကအကြောင်းရင်းက စစ်တပ်အာဏာမတရားသိမ်းတဲ့ နောက်ဆက်တွဲ ရိုက်ခက်မှုတွေကို ပြည်သူတွေခံစားနေရတာဖြစ်တယ်လို့ ဒေါ်လာရောင်းဝယ်သူတစ်ဦးက ပြောပါတယ်။

ဒေါ်လာစျေးတက်လာတာဟာ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားအရန်ငွေနည်းပါးလာတာ၊စစ်ကောင်စီက ဒေါ်လာအရောင်းအဝယ်စျေးကွက်ကို ထိန်းချုပ်မှုတွေလုပ်ဆောင်လာတာနဲ့ စစ်တပ်အာဏာသိမ်း လို့ ပြန်လည်ထွက်ခွာကြတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကြောင့် ဖြစ်ပါတယ်။

“မီဒီယာကြောင့် ဒေါ်လာစျေးတက်တယ်ဆိုတာ အဓိပ္ပါယ်မရှိပါဘူး။စျေးတက်တာကုန်သည်တွေ စျေးကစားလို့ ဖြစ်ရတယ်ဆိုတဲ့ အပြောအဆိုအယူအဆလိုမျိုးပါပဲ တကယ့်အဖြစ်အပျက် အမှန် ဖြစ်တဲ့ စျေးကွက်ထဲမှာ ဘယ်လိုအရောင်းအဝယ်ဖြစ်နေလဲဆိုတာကပဲ စကားပြောသွားပါလိမ့် မယ်” လို့ မဇ္ဈိမသတင်းဌာနက ဦးစိန်ဝင်းက ပြောပါတယ်။

ဒါ့အပြင် သတင်းမီဒီယာတွေက ပိုရေးလို့ စျေးပြောင်းတယ်ဆိုရင် စစ်ကောင်စီလက်ပါးစေ မီဒီယာတွေက သူတို့ဖြစ်စေချင်တဲ့ ဒေါ်လာ စျေးကို ချရေးနေမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

စစ်တပ်အာဏာမသိမ်းခင် NLD အစိုးရလက်ထက်မှာ အမေရိကန်တစ်ဒေါ်လာရဲ့ တန်ဖိုးဟာ မြန်မာကျပ်ငွေ (၁၅၀၀) အောက်သာပေါက်စျေးရှိပြီး စစ်တပ်အာဏာသိမ်းပြီးချိန်မှာတော့ ဒေါ်လာစျေးတွေဟာ စံချိန်တင်မြင့်တက်သွားတာဖြစ်ပါတယ်။

NLD လက်ထက်က ဒေါ်လာစျေး(၁၅၀၀) ဝန်းကျင်ဖြစ်နေတဲ့အချိန်မှာ ထိန်းညှိပေးဖို့ ပူးတွဲ စာထုတ်ပြန်ခဲ့ကြတဲ့ ကြံ့ခိုင်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီအများစုကလည်း လက်ရှိအချိန်မှာတော့ အသံတိတ်နေပြီး စစ်တပ်ပြုသမျှငြိမ်ခံနေကြရတာဖြစ်ပါတယ်။

ဗဟိုဘဏ်အနေနဲ့ ဒေါ်လာငွေစျေးမြင့်တက်လာရတာ မီဒီယာတွေရဲ့ ရေးသားဖော်ပြမှုကြောင့် ဖြစ်ရတာလို့ စွပ်စွဲပြောဆိုပြီး အရေးယူဖို့ လုပ်ဆောင်နေပေမယ့် စစ်တပ်ဆန့်ကျင်တဲ့ သတင်းမီဒီယာအများစုဟာ ပြည်ပနိုင်ငံအသီးသီးမှာ အခြေစိုက်ရပ်တည်နေကြတဲ့အတွက် စစ်တပ်လက်ပါးစေတွေနဲ့ စစ်တပ်ထောက်ခံသူတွေက မီဒီယာသမားတွေရဲ့ မိသားစုတွေကို ပြစ်မှတ်ထားလာတဲ့အခြေအနေမှာရှိနေပါတယ်။

“ စီးပွားရေးပညာရှင်ပဲမေးမေး စီးပွားရေးသမားပဲမေးမေး အခုလက်ရှိဖြစ်နေတဲ့ ပြသတာက နိုင်ငံရေးနဲ့ စစ်အာဏာသိမ်းလို့ဖြစ်လာတာလို့ဖြေဆိုထားတယ်။ ဗဟိုဘဏ်ဥက္ကဌအနေနဲ့ ပြသနာရဲ အရင်းအမြစ်ကို မဖြေဘဲနဲ့ သူပြုတ်မှာကြောက်ပြီး ဟိုလူ ဒီလူအပြစ်ပုံချနေတယ်လို့ ကျွန်တော်တို့ကတော့ မြင်တာပဲ’”လို့်ခေတ်သစ်သတင်းဌာန အယ်ဒီတာချုပ်ကိုသာလွန်ဇောင်း ထက်က သံလွင်တိုင်းမ် ကိုပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.