ပေါင် – စက်တင်ဘာ(၅)

မွန်ပြည်နယ်ပေါင်မြို့မရဲစခန်းကို (၄၀)မမ ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့အတွက် ဒေသခံလူငယ်(၅) ဦးကို စက်တင်ဘာလ(၄) ရက်နေ့က စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူ တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၃) ရက်နေ့ ညနေပိုင်းက ရဲစခန်းအပေါ်ဘက်ခြမ်း တောင်ပေါ်ကနေ အဖွဲ့တစ်ခုက (၄၀) မမတာဝေးပစ်ဗုံးအမျိုးအစားနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် မြို့မရဲစခန်း နဲံ ထွေအုပ်ရုံးကြား ပေါက်ကွဲခဲ့ပြီး အဆောက်အအုံတချို့ထိခိုက်ပျက်စီးခဲ့တာပါ။

ပစ်ခတ်တိုက်ခိုက်ခံလိုက်ရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့တွေက ပိတ်ဆို့ရှာဖွေမှုတွေ ပြုလုပ်ခဲ့ ကြပြီး နောက် အမျိုးသား(၃) ဦးနဲ့ အမျိုးသမီး(၂) ဦးကို ပစ်ခတ်တိုက်ခိုက်သူတွေလို့စွပ်စွဲပြီး ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ မြို့မရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက အခုလိုပြောပါတယ်။

“ ပေါက်ကွဲမှုဖြစ်တဲ့နေ့က ဖမ်းမိတာမဟုတ်ဘူး၊ နောက်နေ့ ၄ ရက်နေ့မှာ ဖမ်းမိတာ၊ သူတို့တောင် ပေါ်ဘက်ခြမ်းကနေအဆင်း ၂ ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ သွားလာနေရင်းနဲ့ သံသယရှိလို့ ဖမ်းမိတာပါ။ အခုတော့ သူတို့ကို စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေစွပ်စွဲဖမ်းဆီးထားတဲ့ လူငယ်တွေဟာ ထင်းခုတ်သမားတွေဖြစ်ပြီး ပေါင်မြို့နယ် ဒေသခံ(၂)ဦးနဲ့ နောက်ထပ်(၃) ဦးကတော့ ဒေသခံမဟုတ်ဘူးလို့ သိရပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံထားရတဲ့ လူငယ်တွေကို စစ်ကောင်စီက ဘယ်နေရာမှာ ဖမ်းဆီးစစ်ဆေး နေတယ်ဆိုတာမသိရသေးသလို သူတို့ရဲ့ အမည်၊အသက်အရွယ်နဲ့ ဗုံးဖောက်ခွဲသူတွေ ဟုတ်မဟုတ် ကိုလည်း သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

မွန်ပြည်နယ်ပေါင်းမြို့မရဲအထွေထွေအုပ်ချုပ်ရေးမှူးရုံးတိုက်ခိုက်ခံရတာ အခုတကြိမ်က ပထမဆုံး အကြိမ်ဖြစ်ပြီး မြို့နယ်လျှပ်စစ်ရုံးကတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ (၅) ကြိမ်ထပ်မနည်း တိုက်ခိုက်ခံထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.