မော်လမြိုင် – စက်တင်ဘာ(၅)

မြန်မာနိုင်ငံမှာ စက်တင်ဘာလ(၁) ရက်နေ့ကနေ(၄) ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာသစ် (၃၃၈) ဦးတွေ့ရှိခဲ့ပြီး အဲ့ဒီထဲက (၂) ဦးသေဆုံးထားတယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြ ထားပါတယ်။

ကိုဗစ်တွေ့ရှိခဲ့တဲ့ လူနာတွေထဲမှာ အများစုက ပြည်တွင်းမှာ ကူးစက်ခံထားရသူတွေဖြစ်ပြီး အဲ့ဒီထဲက (၂၀) ဦးကတော့ ပြည်ပကနေ ပြန်လည်ဝင်ရောက်လာသူတွေဖြစ်တယ်လို့ ဆိုထားတာပါ။

စစ်ကောင်စီဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာလဲ ကိုဗစ်ပိုးတွေ့ရှိတာတွေ ရှိလာပေမယ့် လက်ရှိအချိန် ထိကျောင်းပိတ်တာတွေမရှိသေးတဲ့အတွက် ကျောင်းသားမိဘတွေ စိုးရိမ်မှုတွေရှိနေပါတယ်။

“ကျောင်းတွေကအခုထိပြန်မပိတ်သေးဘူး။ အိမ်ကသမီးဆိုရင်ပြီးခဲ့တဲ့ အပတ်ကချောင်းဆိုးလို့ ကျောင်းမပို့နိုင်ဘူး။ ဒီနေ့မှပြန်ပို့ရတယ်။ ကလေးတွေအကုန်လုံးကျောင်းမှာ စုပြီးထားရတာ ကိုဗစ် တွေပြန်ဖြစ်လာတာစိတ်ပူနေရတယ်” လို့ ရန်ကုန်မြို့က ကျောင်းသားမိဘတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ကိုဗစ်အတည်ပြုလူနာတွေ ဆက်တိုက်တွေ့လာပေမယ့် စစ်ကောင်စီက ထိထိရောက်ရောက်တားဆီး တာမရှိသလို ကြိုတင်ကာကွယ်တာတွေလုပ်နေတာမရှိတဲ့အတွက် စိတ်ပူနေရတယ်လို့ သူက ပြောပါသေးတယ်။

စက်တင်ဘာလအတွင်းမှာ တွေ့ရှိခဲ့တဲ့ ကိုဗစ်အတည်ပြုလူနာတွေကို (၁) ရက်နေ့မှာ (၉၄)ဦး၊ (၂) ရက်နေ့မှာ (၈၄)ဦး၊ (၃) ရက်နေ့မှာ (၉၀) ဦးနဲ့ (၄) ရက်နေ့မှာ (၇၀) ဦးတွေ့ရှိခဲ့တာဖြစ်ပြီး အဲ့ဒီလူနာ တွေထဲက စက်တင်ဘာလ(၁)ရက်နေ့နဲ့ (၄) ရက်နေ့မှာ လူနာနှစ်ဦးသေဆုံးခဲ့တာပါ။

စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံမှာ အသက်(၁၈) နှစ်အထက် ကိုဗစ်ကာကွယ်ဆေးထိုးထားသူ(၃၀၃၉၉၆၀၀) နဲ့ အသက်(၁၈) နှစ်အောက် ကိုဗစ်ကာကွယ်ဆေး ထိုးထားသူ(၆၄၃၀၁၄၆) ဦးအထိရှိတယ်လို့ ဆိုထားပေမယ့် ရောဂါဖြစ်ပွားမှုတွေပြန်လည်မြင်တက် လာတာဖြစ်ပါတယ်။

သတင်း/ဓာတ်ပုံ – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.