ဒီမော့ဆို – စက်တင်ဘာ(၅)

ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့ ငွေတောင်ရွာသစ်ကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)နဲ့ (KNDF) တပ်ရင်း(၁၀)B/10 တို့က စက်တင်ဘာလ(၄) ရက်နေ့မနက်ပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန က သတင်းထုတ်ပြန်ထားပါတယ်။

ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲဟာ (၄) နာရီလောက်ကြာမြင့်ခဲ့ပြီးစစ်ကောင်စီ တပ်သားတစ်ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုထားတာပါ။

တိုက်ပွဲအတွင်းကနေ စစ်ကောင်စီတပ်သားတွေရဲ့ MA-3 သေနတ်(၁)လတ်၊ခဲယမ်းတွေနဲ့ ကျည်ဆန် တွေ သိမ်းဆည်းရမိခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန က ဆိုထားပါတယ်။

ဒါ့အပြင် စက်တင်ဘာလ(၄) ရက်နေ့ နေ့လည်(၁) နာရီခွဲကလည်း ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာနဲ့ ထီးပေါ့ဆိုကျေးရွာတွေအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KA၊KNDF တပ်ရင်း(၄)နဲ့(၅) တို့ က (၂) နာရီကျော်ကြာတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဘက်က ထိခုက်သေဆုံးတာတွေ ရှိခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကရင်နီပြည်နယ်မှာ တိုက်ပွဲ (၄၆) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အယောက်(၄၀) သေဆုံးကာ (၂၅) ဦး ဒဏ်ရာရရှိထားတယ်လို့ KNDF က ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.