ရန်ကုန် ၊ စက်တင်ဘာ (၃)

စစ်ကောင်စီက တစ်ကျပ်သား၊ ငါးမူးသားနဲ့ တစ်မတ်သား အလေးချိန်ရှိတဲ့ ရွှေဒင်္ဂါးပြားတွေကို စတင် ရောင်းချလာပြီးနောက် ရွှေတစ်ကျပ်သား ကျပ်သိန်း ၃၀ အောက် ပြန်ရောက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကနေ တစ်ကျပ်သား၊ ငါးမူးသားနဲ့ တစ်မတ်သား အလေးချိန်ရှိတဲ့ ရွှေဒင်္ဂါးပြားတွေကို ရောင်းချပေးသွားမယ်လို့ စက်တင်ဘာ ၁ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပြီး ဒီကနေ့ စက်တင်ဘာ ၂ ရက်နေ့မှာတော့ ရန်ကုန် ကမ္ဘာအေး ကျောက်မျက်ရုံးမှာ စတင် ရောင်းချပေးနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီက ရွှေတစ်ကျပ်သားကို ကျပ် ၁,၉၉၈,၀၀၀ နဲ့ ရောင်းချပေးနေတာ ဖြစ်ပြီး ရွှေတန်ချိန် ဘယ်လောက်ထိ ရောင်းချပေးမယ်ဆိုတာ တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်ကောင်စီက ရွှေဒင်္ဂါးတွေ စတင်ရောင်းချပြီးနောက် ပြင်ပဈေးကွက်မှာတော့ ရွှေတစ်ကျပ်သား ကျပ် ၂၈ သိန်းဝန်းကျင်ထိ ဈေးနှုန်း ကျဆင်းလာတာ ဖြစ်ပါတယ်။

ရွှေဈေးနှုန်း ကျဆင်းလာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်း တာဝန်ရှိသူတစ်ဦးက အခုလိုပဲ ပြောပါတယ်။

“ရွှေဈေးနှုန်းက ကျတာပေါ့၊ အစိုးရ လုပ်တာပဲ အကုန်ကျတာပေါ့၊ ဒေါ်လာရောင်းပေးမယ် ရွှေရောင်းပေမယ် ဆိုရင် တလိမ့်ခေါက်ကွေး ကျသွားတာပေါ့၊ ဒါသူ့ ဖော်မြူလာ ရှိထားပြီးသားတွေ၊ ရွှေထုတ်ရောင်း ပေးတယ် ဗုန်းဆို ကျသွားတာပဲ၊ ဒါကသူ့ဖော်မြူလာနဲ့ သူလုပ်နေတာ၊ အစိုးရ လုပ်ပေးရင်တော့ ကျပါတယ်၊ သူဆီမှာ ရွှေလည်း ရှိတယ်လေကွာ၊ တွင်းတွေကနေပြီးတော့ အခွန် ဆောင်ထားတဲ့ ရွှေတွေ အများကြီး ရှိတယ်၊ သူလည်း ဘာလို့ရောင်းလည်း သိလား ရှရှားက (၃၀) ရာခိုင်နှုန်း ချရောင်း နေတော့ ဒီရွှေရောင်းလို့ ရတဲ့ ငွေနဲ့ ဟိုဘက်ကို (၃၀) ရာခိုင်နှုန်း ရှရှားဆီက ပြန်ဝယ်ရင် အများကြီးတောင် ပြန်မြတ်သေးတယ်၊ တကယ် ထိရောက်မှု ရှိတာပေါ့”လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ ဒီရွှေဒင်္ဂါးတွေဟာ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ ရွှေလုပ်ကွက်က ရရှိခဲ့တဲ့ အခွန်တွေကနေ ရောင်းချပေးနေတာ ဖြစ်ပြီး နိုင်ငံတော်ရဲ့ အရန်ငွေ အပါအဝင် ရွှေတွေနဲ့ မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။

ဒီရွှေဒင်္ဂါးပြားတွေကို မြို့ကြီးတွေမှာ ကောင်တာဖွင့်လှစ်ရောင်းချမှာ ဖြစ်ကြောင်းနဲ့ ပြည်သူတစ်ဦးချင်းအလိုက် မှတ်ပုံတင်နဲ့ရောင်းချပေးသွားမယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

စစ်ကောင်စီက ရွှေဒင်္ဂါးတွေ မရောင်းမီ စက်တင်ဘာ ၁ ရက်နေ့ မီးလင်းအခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၅ သိန်းထိ စံချိန် ဈေးနှုန်း မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

ရွှေလုပ်ငန်းရှင်တွေကတော့ စစ်ကောင်စီရဲ့ ရွှေဒင်္ဂါးရောင်းချ ပေးမူအပေါ် မူတည်ပြီး ရွှေဈေးနှုန်း ထပ်မံ ကျဆင်းလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုကြောင့် အခြေခံကုန်စည်ဈေးနှုန်း ကြီးမြင့်မှုကို သက်သာစေဖို့ နိုင်ငံခြား ငွေကြေး ဈေးကွက်မှ တဆင့် အမေရိကန် ဒေါ်လာ သန်း(၂၀၀)ကျော် ထောက်ပံ့ ပေးမယ်လို့ ဩဂုတ် ၃၁ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

စီးပွားရေးလေ့လာသုံးသပ်သူတွေက စစ်ကောင်စီရဲ့ ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့မှုနဲ့ ရွှေဒင်္ဂါးရောင်းချမှုတွေဟာ ဈေးကွက်တစ်ခုလုံးကို မလွှမ်းခြုံနိုင်ကြောင်းနဲ့ အခုအစီအစဉ်ဟာ တိုင်းပြည်စီးပွားရေးကို ဆေးမီးတိုနဲ့ ကုသဖု့ိ ကြိုးပမ်းတာ ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.