ကီးယက်-စက်တင်ဘာ(၃) 

ဥရောပအကြီးဆုံးနျူကလီးယားစွမ်းအင်စက်ရုံရဲ့ ဘေးကင်းမှုကို အကဲဖြတ်ဖို့ ရုရှားထိန်းချုပ် နယ်မြေကိုဖြတ်ကျော်ဝင်ရောက်လာတဲ့ ကုလသမဂ္ဂကျွမ်းကျင်သူတွေဟာ နှစ်ဘက်လုံးက အန္တရာယ်ရှိတယ်လို့ သတိပေးထားတဲ့ စက်ရုံရဲ့ရုပ်ပိုင်းဆိုင်ရာ ပျက်ဆီးမှုတွေအတွက် စစ်ဆေးမှု တွေစတင်လုပ်ဆောင်နေပါတယ်။ 

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ(IAEA) စစ်ဆေးရေးအဖွဲ့ဟာ စက်တင်ဘာလ (၁) ရက်နေ့မှာ ဓာတ်အားပေးစက်ရုံကို ရောက်ရှိဖို့ပစ်ခတ်မှုတွေပြင်းထန်နေတဲ့ကြားက သွား ရောက်ခဲ့ရကာ ရုရှားနဲ့ ယူကရိန်းတို့ကတော့ နှစ်ဖက်ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး အချင်းချင်း အပြစ်တင်နေကြတဲ့အတွက် ချာနိုဘိုင်းလို ကပ်ဆိုးကြီးတစ်ခုဖြစ်လာမှာကို ကြောက်ရွံ့နေကြ တာပါ။ 

ခြောက်လကျော်ကြာစစ်ပွဲအတွင်း ရုရှားက အဲ့ဒီစက်ရုံကို အစောပိုင်းထဲက သိမ်းယူထားခဲ့ပြီး လက်ရှိမှာတော့ ယူကရိန်းတပ်တွေက တန်ပြန်ထိုးစစ်ဆင်နေကြတာဖြစ်ပါတယ်။ 

ရုရှားတပ်တွေက စက်ရုံအဆောက်အအုံကို အကာအရံအဖြစ် အသုံးပြုခဲ့တယ်လို့ ယူကရိန်းက စွပ်စွဲထားသလို ရုရှားတပ်ဖွဲ့ဝင်တွေရုပ်သိမ်းဖို့ လည်း တောင်းဆိုထားပါသေးတယ်။ 

စစ်ဆေးရေးအဖွဲ့ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က စက်ရုံကို လှည့်ပတ်ကြည့်ရှုပြီးနောက် IAEA အကြီးအကဲ ရာဖဲလ်ဂရော်စီနဲ့ တခြားအဖွဲ့ဝင်တွေဟာ ယူကရိန်းထိန်းချုပ်နယ်မြေကို ပြန်လည် ထွက်ခွါသွားပေမယ့် IAEA စစ်ဆေးရေးမှူး(၅)ဦးစက်ရုံမှာ ကျန်ရှိနေတယ်လို့ ယူကရိန်းနိုင်ငံပိုင် နျူကလီးယားကုမ္ပဏီက ပြောခဲ့ပါတယ်။ 

စက်ရုံရဲ့ ရုပ်ပိုင်းဆိုင်ရာ ပျက်ဆီးမှု၊ဘေးကင်းလုံခြုံရေးစနစ်တွေကောင်းမွန်ကြောင်း သေချာစေဖို့ နဲ့ ဝန်ထမ်းတွေရဲ့ အခြေအနေတွေကို စစ်ဆေးရေးမှူးတွေရဲ့ တွေ့ရှိချက်တွေနဲ့ပတ်သက်ပြီး အစီရင်ခံစာတစ်စောင်ထုတ်ပြန်ဖို့ရှိတယ်လို့ သိရပါတယ်။ 

ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ရုရှားတပ်ဖွဲ့ဝင်တွေ စက်ရုံက ဖယ်ရှားပေးဖို့ မကြာခဏ တောင်းဆိုနေပြီး သူ့ရဲ့တောင်းဆိုချက်တွေကို အနောက်မဟာမိတ်တွေနဲ့ ကုလသမဂ္ဂတို့က ထောက်ခံထားပါတယ်။ 

“အဓိက ကတော့ စက်ရုံရဲ့ နယ်မြေကို စစ်မဲ့ ချထားရေးနဲ့ ယူကရိန်းနျူကလီးယားလုပ်သား များကို အပြည့်အဝထိန်းချုပ်ခွင့်ပေးဖို့ဘဲ” လို့ ဇယ်လန်းစကီးက သူ့ရဲ့ဗီဒီယိုမိန့်ခွန်းမှာ ပြောခဲ့ပါတယ်။ 

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာဗရော့ကတော့ စက်ရုံဘေးကင်းစွာလည်ပတ်နိုင်စေဖို့နဲ့ IAEA စစ်ဆေးရေးမှူးတွေရဲ့ လုပ်ငန်းတာဝန်တွေကို ပြီးမြောက်အောင် လုပ်ဆောင်နေတယ်လို့ ပြောထားပါတယ်။ 

ယူကရိန်းစွမ်းအင်ဝန်ကြီးတော့ IAEA ကျွမ်းကျင်သူတချို့ကို စက်ရုံမှာ အမြဲတမ်းထားရှိဖို့ ဆွေးနွေးထားတယ်လို့ ပြောပါတယ်။ 

“ဒါပေမယ့် စက်ရုံဟာ နိုင်ငံတော်ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိရမယ်၊ ဆိုလိုတာက စက်ရုံကို ယူကရိန်းရဲ့ ထိန်းချုပ်မှုဆီ ပြန်ပေးဖို့ အရေးကြီးပါတယ်” လို့ ယူကရိန်း (1+1) ရုပ်သံလိုင်းကို သူကပြောခဲ့တာပါ။ 

နျူကလီးယားစက်ရုံအနီးက မြို့တွေကို စက်တင်ဘာလ(၁) ရက်နေ့က ရုရှားက ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ ဇာပိုရီဇီဇီယာဒေသဆိုင်ရာ ကောင်စီမြို့တော်ဝန်က ပြောဆိုထားပေမယ့် ရုရှားတပ်ဖွဲ့ တွေက ထိုးစစ်တွေမလုပ်ဆောင်ခဲ့ဘူးလို့ ယူကရိန်းအထွေထွေဝန်ထမ်းတွေက ပြောပါတယ်။ 

ယူကရိန်းဓာတ်အားပေးစက်ရုံကို ပြီးခဲ့တဲ့ မတ်လထဲက ရုရှားတပ်တွေသိမ်းပိုက်ထိန်းချုပ်ထား ပေမယ့် ယူကရိန်းဝန်ထမ်းတွေနဲ့ လည်ပတ်နေတာဖြစ်ပြီး နှစ်ဘက်ပစ်ခတ်မှုတွေကြောင့် စက်ရုံဓာတ်ပေါင်းဖိုတွေထဲက တစ်ခုကို ပိတ်ထားရပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.