ရန်ကုန် ၊ စက်တင်ဘာ (၃)

ဖမ်းဆီးထိန်းသိမ်းခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအမှတ် ၅၄-၅၆ နေအိမ်ကို ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက စက်တင်ဘာ ၂ ရက်နေ့မှာ လက်မှတ်ထိုး ထုတ်ပြန်လိုက်ပါတယ်။

NUG အစိုးရအဖွဲ့ အစည်းအဝေးရဲ့ အတည်ပြုချက်အရ အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က ထုတ်ပြန်ထားတဲ့ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ စံနှုန်းသတ်မှတ်ချက်၊ ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေတွေနဲ့အညီ သတ်မှတ်တာလို့ ဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ အမှတ် (၅၄-၅၆)၊ ခြံဝန်းဧရိယာ (၁ ဒသမ ၉၂၃) ဧကပေါ်မှာရှိတဲ့ ရွေ့ပြောင်းလို့ မရတဲ့ အဆောက်အဦးအားလုံးကို ကြားကာလရဲ့ အမျိုးသားအဆင့် ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

ဒါကြောင့် အဲဒီမြေနဲ့ အဆောက်အဦးနေရာကို မည်သူမဆို ပိုင်ဆိုင်တာ၊ပိုင်ဆိုင်ဖို့ ကြိုးစားတာ၊ ရောင်းချတာ၊ ရောင်းချဖို့ ကြိုးစားတာတွေအပြင် ဖျက်ဆီးတာ၊ ဖျက်ဆီးဖို့ ကြိုးစားတာ၊ ပုံစံပြောင်းတာ၊ ပြင်ဆင်တာနဲ့ အခြားနည်းလမ်း အသုံးချတာတွေကို NUG က တားမြစ်လိုက်ပါတယ်။

အဲဒီတားမြစ်ချက်တွေအပေါ် ဖောက်ဖျက်ကျူးလွန်ရင် ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ ၊ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေ လွှဲပြောင်းတာကို ကန့်သတ်တဲ့ ဥပဒေတို့အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတို့နဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ့်အပြင် အဲဒီလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို အမည်ပျက်စာရင်း ထည့်သွင်းသွားမယ်လို့ NUG သတိပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို လေးလံတင်ရောင်းချပြီး ရရှိလာမယ့်ငွေတွေကို တစ်ဝက်စီခွဲယူဖို့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးရဲ့ အယူခံကို ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက်နေ့မှာ ပြည်ထောင်စုတရားလွှတ်တော်က အပြီးသတ် အမိန့်ချမှတ်ထားတာ ဖြစ်ပါတယ်။

အာဏာရှင်အဆက်ဆက်မှာ ဖမ်းဆီးခံခဲ့ရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့နှစ် စစ်အာဏာသိမ်းချိန်ကစပြီး ထပ်မံ အကျဉ်းကျထိန်းသိမ်းခံထားရသူ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်မှာ ထိန်းသိမ်းထားပြီး မတရားတဲ့ပုဒ်မ စွပ်စွဲချက်တွေနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.