ဖာပွန် ၊ စက်တင်ဘာ ၂

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းနဲ့အတူ KNLA တပ်မဟာ(၅)ထံ အလင်းဝင်ရောက်လာခဲ့ပြီး တပ်မဟာ(၅)က ငွေကျပ်သိန်း(၂၀)တိတိ ဆုချီးမြှင့်ခဲ့တယ်လို့ ကေအဲန်ယူ-ဖာပွန်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီလက်လက်အောက်ခံ ခမရ(၅၉၃)က အသက်(၂၅)နှစ်ရှိတဲ့ တပ်သားမောင်သန့်ဇင်အောင်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၅)ထံ MA-3 သေနတ်တစ်လက်၊ ကျည်(၁၇၀)တောင့်နဲ့ လက်ပစ်ဗုံးတစ်လုံးယူဆောင်လာပြီး အလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။

စစ်ကောင်စီတပ်သား မောင်သန့်ဇင်အောင်ဟာ KNLA တပ်မဟာ(၅)ထံကို အလင်းဝင်ရောက်လာပြီးနောက် တပ်မဟာ(၅)တာဝန်ရှိသူတွေက ကောင်းမွန်စွာလက်ခံကြိုဆိုတဲ့အပြင် ဆုငွေ ကျပ်(၂၀၀၀၀၀၀)တိတိဆုချီးမြှင့်ခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားဟာ တာဝန်ထမ်းဆောင်ခဲ့စဉ်အချိန်က အထက်အရာရှိတွေရဲ့ ခွဲခြားဖိနှိပ်ဆက်ဆံမှုကို ကြုံတွေ့ခဲ့ရပြီး ထမင်းကိုလည်း ၀လင်စွာ မစားခဲ့ရတာကြောင့် ထွက်ပြေးလာခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။

“အထက်အရာရှိများက လက်အောက်ငယ်သားများအပေါ် မတရား ဖိနှိပ်ချုပ်ချယ်တယ်။ ခွဲခြားဆက်ဆံတယ်။ ရှေ့တန်းထွက်တဲ့အချိန်မှာ အစားအစာဝဝလင်လင် မစားရဘူး။ အထက်အရှိများများက စားချင်တာစားလို့ရတယ်။ ကျွန်တော်တို့ကတော့ တစ်ရက်ထမင်း စားတယ် နောက်တစ်ရက်မှာ ဆန်ပြုတ် စားရတယ်။ ကျွန်တော်မခံနိုင်တော့လို့ ထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ တယ်”လို့ မောင်သန့်ဇင်အောင်က ပြောပါတယ်။

KNLA တပ်မဟာ(၅)ထဲကို အလင်းဝင်ရောက်လာပြီးတဲ့နောက် တပ်မဟာ(၅) အရာရှိတွေ ရဲဘော်တွေက ခွဲခြားမှုမရှိဘဲ ညီအစ်ကိုမောင်နှမတွေလို ဆက်ဆံပြီး အဝတ်အစားတွေပါဝယ်ပေးတဲ့အပြင် ထမင်းလည်းအ၀စားရတာကြောင့် ဝမ်းသာပျော်ရွှင်ကြောင်း စစ်ကောင်စီတပ်သားမောင်သန့်ဇင်အောင်က ဆက်ပြောပါတယ်။

ဒါ့အပြင် အလင်းဝင်တပ်သား ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ဆန္ဒရှိကြောင်း ပြောကြားခဲ့တဲ့အတွက် အလင်းဝင်စစ်ကောင်စီတပ်သားရဲ့ ရှေ့ဆက်ရည်မှန်းချက်နဲ့ပတ်သက်လို့ ကေအဲန်ယူ-ဖာပွန်ခရိုင်တာဝန်ရှိသူတွေက စီမံဆောင်ရွက်ပေးနေတယ်လို့လည်း တပ်မဟာ(၅)ရဲ့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်ထဲမှာ စစ်ရေးကျူးကျော်မှုတွေလုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၅)ထံ အလင်းဝင်ရောက်လာတာတွေ မကြာခဏရှိနေပြီး အထက်အရာရှိတွေရဲ့ဖိနှိပ်ချုပ်ချယ်တာတွေ၊ အစားအသောက် ၀၀လင်လင်မစားရတာတွေစတဲ့ အချက်တွေနဲ့ တပ်ကနေထွက်ပြေးပြီး အလင်းဝင်ရောက်မှုတွေ များပြားလာခဲ့တာလည်းဖြစ်ပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.