ရန်ကုန် ၊ စက်တင်ဘာ ၂
မြန်မာကျပ်ငွေဈေး ဆက်တိုက်ကျဆင်းနေပြီး ရွှေတစ်ကျပ်သားကို ကျပ် သိန်း ၃၀ ကျော် ဈေးပေါက်နေချိန်မှာ တစ်ကျပ်သား၊ငါးမူးသားနဲ့ တစ်မတ်သား အလေးချိန်ရှိတဲ့ ရွှေဒင်္ဂါးပြားတွေကို ထုတ်ရောင်းပေးမယ်လို့ စစ်ကောင်စီရုပ်သံကနေ ကြေညာပါတယ်။
စစ်ကောင်စီလက်အောက်ခံ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ ရွှေတွေကို ထုတ်ရောင်းပေးမယ်လို့ဆိုပေမယ့် ဘယ်လိုပုံစံ၊ဘယ်အချိန် ရောင်းချပေးမယ်ဆိုတာကိုတော့ တိတိကျကျ ကြေညာထားတာတော့ မရှိပါဘူး။
ဩဂုတ် ၃၁ ရက်နေ့မှာလည်း စစ်ကောင်စီဩဇာခံ ဗဟိုဘဏ်ကနေ စက်သုံးဆီကြီးမြင့်မှုကြောင့် အခြေခံကုန်စည်ဈေးနှုန်း ကြီးမြင့်လာမှုကို သက်သာစေဖို့ နိုင်ငံခြား သုံးငွေကြီးကြပ်မှုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ နိုင်ငံခြားငွေကြေးဈေးကွက်ကနေတဆင့် ကန်ဒေါ်လာသန်း ၂၀၀ ကျော် ထောက်ပံ့ပေးမယ်လို့ ကြေညာထားပါတယ်။
ဒီကြေညာချက်ဟာလည်း ရှင်းရှင်းလင်းလင်းမရှိသေးဘဲ ကန်ဒေါ်လာသန်း ၂၀၀ ဆိုတဲ့ ပမာဏဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြေရှင်းနိုင်ဖို့ အနည်းယ်သော ငွေကြေးသာဖြစ်ပြီး ရေရှည်အတွက် အဖြေမဟုတ်ဘူးလို့ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။
အဲဒီလို ကြေညာချက်ထုတ်ပြန်ပြီး စက်တင်ဘာ ၁ ရက်နေ့မှာ စံချိန်တင် တက်နေတဲ့ အမေရိကန် တစ်ဒေါ်လာ ၄၅၀၀ ကျပ် ကနေ ၃၅၀၀ ကျပ်အထိ ထိုးဆင်းခဲ့ပြီး အခေါက်ရွှေဈေးနှုန်းမှာလည်း တစ်ကျပ်သား ၃၇ သိန်းကနေ သိန်း ၃၀ အထိ ဈေးကျသွားခဲ့ပါတယ်။
အလားတူ စက်သုံးဆီဈေးနှုန်းမှာလည်း ၉၂ တစ်လီတာကို ကျပ် ၂၆၅၀ ကနေ ၂၄၂၀ ကျပ်နဲ့ ပရီမီယံဒီဇယ် တစ်လီတာ ၃၃၇၅ ကျပ်ကနေ ၃၂၇၅ ကျပ်အထိ ပြန်လည် ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။
စီးပွားရေးလေ့လာသူတွေကတော့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ဟာ စက်သုံးဆီဈေးကွက်ဈေးကွက်တစ်ခုတည်းကိုသာ ဦးတည်နေတဲ့အတွက် ဈေးကွက်အတွင်းရှိ ကုန်စည်အားလုံးအပေါ် မလွှမ်းခြုံနိုင်ဘူးလို့လည်း ဆိုကြပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်နေ့ကစပြီး ငွေလဲနှုန်း ရည်ညွန်းဈေးကို အမေရိကန်တစ်ဒေါ်လာ ကျပ် ၂၁၀၀ အဖြစ် သတ်မှတ်ထားပေမယ့် ဒီကနေ့ ပြင်ပဈေးနှုန်းနဲ့ တွက်ရင် ၁၄၀၀ ကျပ်အထိ ကွာဟနေဆဲဖြစ်ပါတယ်။
သတင်း-သံလွင်တိုင်းမ်