ရန်ကုန်၊ စက်တင်ဘာ ၂

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့ကို ဒီကနေ့ စက်တင်ဘာ၂ ရက်နေ့မှာ စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်စီ ထပ်မံချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် ဦးမင်းသူတို့ဟာ မလျော်သြဇာသုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က)ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့တာပါ။

ဒီအမှုအအတွက် စစ်ကောင်စီ တရားရုံးက သူတို့ ၃ ဦးကို ထောင်ဒဏ် ၃ နှစ်စီ အပြီးသတ်အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး ချုပ်ရက်တွေကိုလည်း ထုတ်နုတ်ခံစားခွင့်မပြုဘူးလို့ ဆိုပါတယ်။

အပြီးသတ်အမိန့်ချမှတ်ခဲ့တဲ့ အခုရုံးချိန်းကိုတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၃ ဦးလုံး တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီ စွဲဆိုထားတဲ့ ဒီအမှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်နေ့ ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့က အပြစ်မရှိကြောင်း ထွက်ဆိုထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမှု ၁၁ မှုနဲ့ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ထားပြီးဖြစ်တာကြောင့် အခု ရွေးကောက်ပွဲအမှုနဲ့ဆိုရင် ထောင်ဒဏ်စုစုပေါင်းက နှစ် ၂၀ အထိ ရှိလာခဲ့ပြီး ထပ်မံရင်ဆိုင်ရနေရတဲ့ အမှု ၈ မှု ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

သမ္မတ ဦးဝင်းမြင့်ကတော့ လက်ရှိမှာ စစ်ကောင်စီ စွဲဆိုထားတဲ့ အမှု ၃ မှုအတွက် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတာ ဖြစ်ပြီး အဲဒီထဲက ထောင်ဒဏ် ၂ နှစ်ကို စစ်ကောင်စီက ဖြေလျော့ပေးထားတဲ့အတွက် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – BBC Burmese

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.