ဒီမော့ဆို ၊ စက်တင်ဘာ (၂)

နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်က ကလေးငယ် ၇၀ ရာခိုင်နှုန်းကျော်ဟာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အန္တရာယ်ကြားထဲကနေ ပညာသင်ယူနေရတယ်လို့ ကရင်နီပညာရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကရင်နီပြည်နယ်မှာ ရှိတဲ့ ကလေးသူငယ်(၉၅) ရာခိုင်နှုန်းလောက်ဟာ ပညာသင်ယူခွင့်ရရှိနေ ပေမယ့် အဲ့ဒီထဲက (၂၅) ရာခိုင်နှုန်းက စစ်ကောင်စီလက်အောက်ခံ ကျောင်းတွေမှာ ပညာသင်ယူ နေရပြီး ကျန်(၇၀) ရာခိုင်နှုန်းကတော့ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် အန္တရာယ်ကြားထဲကနေ ပညာသင်ယူနေရတာပါ။

နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ စာသင်ကျောင်းအနီးတဝိုက် ကျရောက်ပေါက်ကွဲတာတွေရှိနေတဲ့အတွက် ကလေးငယ်တွေရဲ့ လုံခြုံရေးဂရုစိုက်နေရတယ်လို့ နွေဦးဂုရုလေးများအဖွဲ့ ဝင်တစ်ဦးဖြစ်သူ ကိုတင့်က ပြောပါတယ်။

“စာရွက်စာတမ်းတွေဝယ်မရတာ၊ ဆရာ၊ဆရာမတွေအတွက် ဂုဏ်ပြုငွေပုံစံမျိုး မပေးနိုင်တာ၊ ပြီးတော့ကျောင်းတွေကို လက်နက်ကြီးနဲ့ လာပစ်တာ၊လေယာဥ်နဲ့ လာပစ်တာ၊ အရှေ့ဘက်ခြမ်းမှာဆို ခဏခဏ ဖြစ်တယ်။ စာသင်ကျောင်းနားကိုကျတာ၊ ကျွန်တော်တို့ သတင်းမထုတ်တာဘဲရှိတယ်။ ကရင်နီဘက်မှာက လက်နက်ကြီးက တော်တော်များများက ကျောင်းပတ်ဝန်းကျင်တွေမှာပဲကျတယ်။ကျွန်တော်တို့ သတင်းမထုတ်တာက ဘယ်နေရာမှာကျတယ်ဆိုတာ သတင်းထုတ်လိုက်ရင် အဲဒီနေရာကိုမဲပစ်မှာစိုးလို့”လို့ ကိုယ်ထူကိုယ်ကျောင်းတွေမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကိုတင့်က ပြောပြပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အသိပညာအတတ်ပညာနဲ့ ပြည့်စုံတဲ့ လူသား အရင်းအမြစ်တွေရရှိဖို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့ ပြောဆိုနေသလို ကလေးငယ်တွေ ပညာသင်ယူခွင့်ရရှိဖို့ လိုအပ်တယ်လို့ တွင်တွင်ပြောနေပေမယ့် သူ့လက်အောက်ခံစစ်တပ်ကတော့ စာသင်ကျောင်းတွေမှာ တပ်စွဲပြီး ပညာသင်ယူခွင့်ကို အနှောင့်အယှက်ပေးနေပါတယ်။

ကရင်နီပြည်နယ်က ကိုယ်ထူကိုယ်ထကျောင်းတွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တဲ့ ရက်တွေဆိုရင် ကျောင်းတွေကို တစ်ပတ်ကနေ တစ်လလောက်အထိပိတ်လိုက်ရတဲ့ အခြေအနေတွေ ဖြစ်နေပါတယ်။

“ အဲဒီဟာတွေက ကလေးတွေရဲ့ သင်ကြားမှုကို အများကြီးထိခိုက်စေပါတယ်။ထိလည်းထိခိုက်နေတယ်ပေါ့နော်။ အဲဒီဟာက ကျွန်တော်တို့ ပြည်နယ်တစ်ခုတည်းမကဘူး။ မြန်မာတစ်နိုင်ငံလုံးအတွက် လူသားအရင်းအမြစ်တွေဆုံးရှုံးတယ်။ လူတော်လူကောင်းတွေပျောက်ဆုံး သွားနိုင်တယ်။ ဆိုတော့ ကျွန်တော်တို့နိုင်ငံအတွက် ဂုဏ်သိက္ခာကျစရာဖြစ်စေနိုင်ပြီး အခုခေတ်ပေါ့နော် ခေတ်သစ်ပညာရေးစနစ်အောက်မှာ လက်လှမ်းမမီတာတွေဖြစ်ပြီး သူများနိုင်ငံရောက်ရင် ကျွန်သဖွယ်ပဲ ဆက်အလုပ်လုပ်နေရမယ်လို့ ကျွန်တော်ကတော့သုံးသပ်ပါတယ်” လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ လူသားချင်းစာနာ ထောက်ထားမှုကော်မတီပြောခွင့်ရ ဦးဗညားက ဆိုပါတယ်။

ဒါ့အပြင်စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် ကလေးငယ်တွေရဲ့ ပညာရေးထိခိုက်လာနိုင်ပြီး မြန်မာနိုင်ငံအတွက် ပညာတတ် လူသားအရင်းအမြစ်တွေဆုံးရှုံးနေရတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကရင်နီပြည်နယ်က ကိုယ်ထူကိုယ်ထကျောင်းတွေမှာ ပညာသင်ယူနေရတဲ့ ကလေးသူငယ်တွေအတွက် သင်ထောက်ကူပစ္စည်းရောင်းဝယ်ခွင့်ကို ပိတ်ပင်တာတွေကိုပါ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ကလေးသူငယ်နဲ့ လူငယ်(၁၂) သန်းကျော်ဟာ ပုံမှန်ပညာသင်ယူလေ့လာမှုအစီအစဉ်တွေကို လက်လှမ်းမမှီတော့တဲ့အတွက် ကလေးသူငယ်နဲ့ လူငယ်တွေရဲ့ ပညာရေးတစ်ကိုယ်ရေဖွံ့ဖြိုးတိုးတက်မှု ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနဲ့ အနာဂတ်အခွင့်အလမ်းတွေအပေါ် သက်သက်ရောက်မယ့် အကျိုးဆက်တွေ အလွန်ကြီးမားပြီး ထပ်မံမြင့်တက်လာနိုင်ခြေရှိတယ်လို့ Save the Children၊ UNESCO နဲ့ UNICEF တို့က ပူးတွဲသဘောထားထုတ်ပြန်ထားပါတယ်။

ပညာသင်ယူနေတဲ့ နေရာတွေနဲ့ ပညာရေးဝန်ထမ်းတွေကို တိုက်ခိုက်မှုတွေအပြင် ပညာရေး ပရိဝုဏ်တွေထဲမှာ ဝင်ရောက်နေထိုင်တပ်စွဲထားတာတွေဟာ ကလေးသူငယ်တွေရဲ့ သင်ယူလေ့လာမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်ဘေးကင်းလုံခြုံမှုကိုထိခိုက်စေနိုင်တယ်လို့ Save the Children အဖွဲ့က ဆိုထားပါတယ်။

စစ်ကောင်စီတပ်တွေကတော့ ကျောင်းဝန်းအတွင်းထဲမှာ တပ်စွဲနေထိုင်ပြီး ပညာသင်ယူခွင့်ကို အနှောက်အယှက် ပေးနေဆဲ ဖြစ်ပါတယ်။

ကရင်နီပြည်နယ်က ကိုယ်ထူကိုယ်ထကျောင်းတွေမှာ ပညာသင်ယူနေရတဲ့ ကလေးသူငယ်တွေဟာ သင်ထောက်ကူပစ္စည်းမလုံလောက်မှု၊နေရာထိုင်ခင်းမလုံလောက်မှု၊စားနပ်ရိက္ခာမလုံလောက်မှု၊ ကျန်းမာရေးစောင့်ရှောက်ခွင့် အပြည့်အဝမရရှိမှုတွေအပြင် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီး ပစ်ခတ်မှုတွေကြားထဲမှာ ခက်ခက်ခဲခဲပညာသင်ယူနေကြရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.