ဘန်ကောက် – စက်တင်ဘာ(၁) 

ထိုင်းနိုင်ငံရဲ့ အနိမ့်ဆုံးလုပ်ခလစာတိုးမြှင့်ဖို့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတည်းက စတင်ဆိုင်းငံ့ထား ပြီးနောက် ငွေကြေးဖောင်းပွမှုကို ထိန်းကျောင်းပြီး အလုပ်သမားတွေကို ကူညီဖို့အတွက် လာမယ့် အောက်တိုဘာလ (၁) ရက်နေ့ကစပြီး ပျမ်းမျှ(၅) ရာခိုင်နှုန်းတိုးဖို့စီစဉ်ထားပါတယ်။ 

တစ်ရက်ကို (၃၂၈) ဘတ်(၉.၁၁) ဒေါ်လာကနေ (၃၅၄) ဘတ်အထိ နှုန်းထားအသစ်ကို စီးပွားရေး အခြေအနေပေါ်မူတည်ပြီး ပြည်နယ်(၉) ခုခွဲသွားမှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအဝင်းဝန်က ပြောပါတယ်။ 

အစိုးရ အလုပ်ရှင်နဲ့ အလုပ်သမား သမဂ္ဂတွေ နဲ့ ကိုယ်စားလှယ်တွေပါဝင်တဲ့ အစည်းအဝေး မှာ ဒီသတ်မှတ်ချက်ကို အားလုံးလက်ခံသဘောတူညီခဲ့ကြတာပါ။ 

“ငွေကြေးဖောင်းပွမှုခန့်မှန်းချက် ၅.၅% မှ ၆.၅% အပေါ်အခြေခံပြီးလုပ်ခတိုးမြှင့်မှု ကိုကျွန်ုပ်တို့ စဉ်းစားကြတာပါ။ အလုပ်သမားကိုယ်စားလှယ်တွေက ၈ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ တိုးဖို့ ကြိုးပမ်းခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဒီသတ်မှတ်ချက်ကိုပဲ သဘောတူခဲ့ကြပါတယ်” လို့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ကပြောပါတယ်။ 

လာမယ့်အပတ်ဝန်ကြီးအဖွဲ့က အပြီးသတ်မယ့် အစီအမံဟာ ဇူလိုင်လအတွင်း ငွေကြေးဖောင်းပွ မှု(၇.၆၁) ရာခိုင်မှုန်းရှိတယ်လို့ ထွက်ပေါ်လာပြီး ထိုင်းနိုင်ငံ ဗဟိုဘဏ်ကတော့ တတိယသုံးလ ပတ်မှာ ကုန်စျေးနှုန်းအမြင့်ဆုံးကို ရောက်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ 

ပြည်တွင်းထုတ်လုပ်သူတွေဆီကနေ ကုန်ကြမ်းအသုံးစရိတ်တွေ မြင့်တက်နေတဲ့အတွက်တောင်း ဆိုမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဒီသီတင်းပတ်အစောပိုင်းမှာ ထိုင်းအစိုးရက ခေါက်ဆွဲခြောက် ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေကို (၁၄) နှစ်အတွင်း ပထမဆုံးအကြိမ် လက်လီစျေးနှုန်းမြှင့်တင်ဖို့ ခွင့်ပြုဖွယ်ရှိနေပါတယ်။ 

ခေါက်ဆွဲခြောက်တွေဟာ ဝင်ငွေနည်းအိမ်ထောင်စုတွေအတွက် အဓိကကျတဲ့ ကုန်စည်ဖြစ်ပြီး လူဦးရေ သန်း(၇၀) ရှိတဲ့ ထိုင်းနိုင်ငံရဲ့ ထိန်းချုပ်ကုန်စည်တွေထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။ 

လစာတိုးလာတဲ့အတွက် ကုန်ပစ္စည်းစျေးနှုန်းမြင့်တက်လာတယ်လို့ ထိုင်းနိုင်ငံသားတွေကြားထဲ မှာဝေဖန်တာတွေ ရှိနေတယ်လို့ သိရပါတယ်။ 

ထိုင်းနိုင်ငံရဲ့ အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်မှုဟာ ၂၀၂၀ ခုနှစ်ဇန်နဝါရီလမှာ နောက်ဆုံးအကြိမ် တိုးမြှင့်ပေးခဲ့တာဖြစ်ပြီး နိုင်ငံတစ်ဝှမ်းက ပြည်နယ်(၇၇) ခုမှာ နေ့စဉ် (၃၁၃) ဘတ်ကနေ (၃၃၆) ဘတ်အထိရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 

Ref: Bloomberg

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.