ဘားအံ၊ စက်တင်ဘာ ၁

စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုပြီး ထောင်ဒဏ်ပြစ်ဒဏ်ကျခံ‌နေရတဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ၃ ဦးဟာ ပြစ်ဒဏ်ရက်‌စေ့သွားတဲ့အတွက် စက်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်းမှာ ဘားအံ တောင်ကလေး အကျဉ်းထောင်က‌နေ ပြန်လည်လွတ်မြောက်လာတယ်လို့အန်အယ်လ်ဒီပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားလိုက်ပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ ဝန်ကြီး ၃ ဦးမှာ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ ပအိုဝ်း တိုင်းရင်းသားရေးရာဝန်ကြီး ခွန်မျိုးတင့်နဲ့ လူဝင်မှုကြီးကြပ်ရေး၊ ပြည်သူ့အင်အား ဝန်ကြီးဌာနဝန်ကြီး ဦးမင်းကိုခိုင်တို့ ဖြစ်ပါတယ်။

သူတို့ ၃ ဦးဟာ ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂နှစ်စီချမှတ်ခံခဲ့ရတာဖြစ်ပြီး ဒီကနေ့မှာ ပြစ်ဒဏ်လွတ်ရက်စေ့သွားပြီဖြစ်လို့ ပြန်လည်လွတ် မြောက်လာခဲ့တာပါ။

“ဟုတ်ပါတယ်။ ဝန်ကြီးတွေ လွတ်ရက်စေ့လို့ ပြန်လွတ်လာကြပါပြီ။ ဒီကနေ့မနက်မှာပဲ ဘားအံ တောင်ကလေး အကျဉ်းထောင်က လွတ်မြောက်လာတာပါ။ လွတ်မြောက်လာတာ ဝမ်းသာပါတယ်” လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ ပါတီမှ ရန်ကုန်တိုင်းဒေသကြီး ဒုတိယဥက္ကဌ ဒေါက်တာ ဘိုင်အိုက သံလွင်တိုင်းမ် ကို အတည်ပြုပြောကြားပေးခဲ့ပါတယ်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ကစပြီး အာဏာသိမ်း စစ်ကောင်စီက အန်အယ်လ်ဒီ အစိုးရအဖွဲ့ဝင်‌တွေကို ဖမ်းဆီးထောင်ချတာတွေ ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။

အဲဒီအထဲမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ဟာ ထောင်ဒဏ်နှစ် ၇၀ ကျော်နဲ့ အများဆုံး ထောင်ဒဏ်ချမှတ်ခံထားရသူတစ်ဦးလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.