ထားဝယ် ၊ သြဂုတ် (၂၈)
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီးလမ်းတလျှောက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာကြောင့် ဒေသခံ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်နေ့ တပ်အင်အား ၃၀၀ လောက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို သင်္ကန်းတုန်းနဲ့ဝကုန်းကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာကြောင့် ဒေသခံ နေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ကြားဖြတ်တိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ မိနစ် ၂၀နီးပါးအကြာ ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၂ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
လတ်တလောမှာတော့ ထားဝယ်-ထီးခီးလမ်းတစ်လျှောက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ ကြိုတင်ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေတာပါ။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူတွေအနေနဲ့ ခရီးသွားတာနဲ့ နေအိမ်အပြင်ထွက် သွားလာတာတွေ မလုပ်ကြဖို့နဲ့ လိုအပ်ပါက ကြိုတင်တိမ်းရှောင်ကြဖို့ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အခုအခါမှာတော့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ ရိက္ခာတင်ကားတွေနဲ့အတူ တောင်သုံးလုံးကျေးရွာဘက်ကို ဖြတ်ပြီး မေတ္တာဘက်ကို ဆက်သွားနေတယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းဒေသကြီးထဲမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၁၀၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
သတင်း – သံလွင်တိုင်းမ်