သထုံ ၊ သြဂုတ် (၂၈)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်အတွင်း တော်လှန်ရေးအဖွဲ့အစည်း အမည်ခံပြီး ပြည်သူတွေထံ ခြိမ်းခြောက်ငွေကြေး တောင်းယူပါက ပြင်းထန်စွာအရေးယူသွားမယ်လို့ KNUသထုံခရိုင်၊ တပ်မဟာ(၁)မိတ်ဖက်ရေးရာ ကြီးကြပ်မှုကော်မတီက သြဂုတ်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

KNU သထုံခရိုင်အတွင်းက ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်တွေမှာ တော်လှန်ရေးအဖွဲ့အမည်ခံပြီး လုပ်ငန်းရှင်တွေထံကနေ ခြိမ်းခြောက်ငွေးတောင်ခံတာတွေ ရှိလာပြီးနောက် မိတ်ဖက်ရေးရာ ကြီးကြပ်မှုကော်မတီက အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

မိတ်ဖက်ရေးရာ ကြီးကြပ်မှုကော်မတီကတော့ တော်လှန်ရေးအဖွဲ့အမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းတာတွေရှိလာပါက ကော်မတီကို တိုက်ရိုက် တိုင်ကြားပေးဖို့နဲ့ ပြည်သူတွေဆီကနေ ခြိမ်းခြောက်ငွေတောင်းနေသူတွေကို စိစစ်တွေ့ရှိပါက ပြင်းထန်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

“အချို့နေရာတွေမှာ တော်လှန်ရေးအမည်ခံပြီး ပြည်သူတွေထံကနေ ခြိမ်းခြောက်ငွေတောင်းတာတွေရှိနေတယ်လို့ သိရတယ်။ ဘယ်သူတွေကလုပ်နေသလဲ။ အဖွဲ့အမည်ခံပြီး တစ်ဦးတစ်ယောက်ကိုယ်ကျိုးအတွက်လုပ်နေသလားဆိုတာ စိစစ်နေတယ်။ အဓိကကတော့ ပြည်သူလှူဒါန်းတာတွေ အလဟသမဖြစ်ဖို့ အသိပေးရတာဖြစ်တယ်”လို့ KNUသထုံခရိုင်၊ တပ်မဟာ(၁)မိတ်ဖက်ရေးရာကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ သံလွင်တိုင်းမ်ကို ပြောပါတယ်။

KNUသထုံခရိုင်၊ တပ်မဟာ(၁)မိတ်ဖက်ရေးရာ ကြီးကြပ်မှုကော်မတီဟာ သထုံခရိုင်အတွင်းက စစ်အာဏာရှင် လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေနဲ့ ဖွဲ့စည်းထားတဲ့ ကော်မတီတစ်ခုဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်ကို ကော်မတီ လမ်းညွှန်မှုနဲ့ တော်လှန်တိုက်ထုတ်နေတာ ဖြစ်ပါတယ်။

သထုံခရိုင်ထဲမှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းပြီး တော်လှန်ရေး အမည်ခံပြီး စီးပွားရေးလုပ်ငန်းရှင်တွေထံ ငွေကျပ် တစ်သိန်းကနေ သိန်း ၂၀ လောက်ထိ တောင်းခံနေတာ ဖြစ်ပြီး မပေးရင် ဗုံးခွဲတာတွေ လုပ်ဆောင်သွားမယ်လို့ ခြိမ်းခြောက်လာတာပါ။

ဒါ့အပြင် မွန်ပြည်နယ်၊ မော်လမြိုင်မှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက တော်လှန်ရေးအမည်ခံပြီး ရွှေဆိုင်လုပ်ငန်းရှင်တွေကနေ ခြိမ်းခြောက် ငွေကြေးတောင်းခံလာတဲ့အတွက် ရွှေဆိုင်တချို့ ယာယီပိတ်သိမ်းတာတွေ လုပ်ဆောင်ခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.