ရန်ကုန် – ဩဂုတ်(၂၈)

နိုင်ငံကိုဘက်ပေါင်းစုံကနေ ချွတ်ခြုံကျအောင်လုပ်ဆောင်နေတဲ့အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေထဲမှာ ခရီးသွားကဏ္ဍလည်း အပါအဝင်ဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ လွတ်လပ်စွာ ခရီးသွားလာခွင့်တွေဟာ ကန့်သတ်ခံလာရပါတယ်။

စစ်ကောင်စီဟာ နယ်စပ်မြို့တွေကနေ ပြည်မထဲကို လက်နက်ခဲယမ်းတွေသွင်းယူလာတယ်ဆို တဲ့ စွပ်စွဲချက်နဲ့ လမ်းတလျှောက်စစ်ဆေးရေးဂိတ်တွေချပြီး ခရီးသွားပြည်သူတွေရဲ့ အခြေခံ လူ့အခွင့်အရေးတွေကို ချိုးဖောက်နေတာပါ။

မြန်မာ့မီးရထားကို အားကိုးလို့မရတဲ့ ပြည်သူတွေဟာ အဝေးပြေးယာဉ်လိုင်းတွေကို အားထားပြီး ခရီးသွားလာကြချိန်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ငွေကြေးကောက်ခံတာတွေ စစ်ဆေးရေးနဲ့လုံခြုံရေးအမည်ခံ ငွေတောင်းနေတဲ့ စစ်သားတွေရဲ့ ဒဏ်ကိုကားသမားတွေနဲ့ ပြည်သူတွေနေ့စဉ်ခံစားနေရပါတယ်။

‘’ပေးရတာတွေတော့ရှိတာပေါ့။ကြုံတာတော့ ကုန်တင်တာတွေပေါ့ အဲ့ဒါတွေစစ်တယ်။ ခရီးသည်ဆိုရင်မှတ်ပုံတင်ကိုစစ်တယ်။”လို့ ရန်ကုန်-မော်လမြိုင် အဝေးပြေးယာဉ်မောင်းတစ်ဦး ကပြောဆိုထားတာပါ။ စစ်တပ်ဟာ ပြည်သူတွေအသုံးပြုနေတဲ့ ကုန်စည်စီးဆင်းတဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့တာ ၊ ခရီးသွားလာခွင့်တွေကို ကန့်သတ်တာနဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကို ပိတ်ပင်ထား တာဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်(၁၃) ကို ချိုးဖောက်နေတာ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်(၁၃) မှာ လူတိုင်းဟာ မိမိရဲ့ နိုင်ငံ နယ်နိမိတ်အတွင်းမှာ လွတ်လပ်စွာ သွားလာရွှေ့ပြောင်းနိုင်ခွင့်ရှိသလို မိမိနေထိုင်ရာ တိုင်းပြည် ကနေ တခြားတိုင်းပြည်ကိုထွက်ခွါပိုင်ခွင့်ရှိသလို မိမိရဲ့တိုင်းပြည်ကို ပြန်လာပိုင်ခွင့်ရှိတယ် ဆိုတဲ့ အချက်တွေကို စစ်ကောင်စီရဲ့ အမိန့်ကြေညာချက်တွေက ပျက်ရယ်ပြုနေသလို ဖြစ်နေတာပါ။

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ တိုင်းပြည်အတွက်ဝန်ထုပ်မဖြစ်အောင်နဲ့ ပြည်သူတွေ သက်တောင့်သက်သာနဲ့ သွားလာလုပ်ကိုင်စားသောက်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဩဂုတ်လ (၂၂) ရက်နေ့မှာ လုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောထားပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့အချိန်ကစပြီး ပြည်သူတွေရဲ့ ပိုင်ဆိုင်ခွင့် တန်ဖိုးတွေဟာ အနှုတ်ဘက်ကို ကျဆင်းသွားခဲ့သလို အခြေခံစားသောက်ကုန်၊ စက်သုံးဆီ နဲ့ ဆေးဝါးတွေကတော့ အမြင့်ဆုံးဆိုတဲ့ စံချိန်တင်အခြေအနေတွေထိ ထိုးတက်နေတာပါ။

‘‘ ကျွန်တော်တို့ ဆီဈေးတက်လို့ ယာဉ်လိုင်းခတွေတိုးလိုက်တာပါ။ မကြာသေးပါဘူး မနေ့ကမှ တိုးကောက်တာပါ။ဒါမှအချိန်တွေမပြောင်းဘဲ အရင်အတိုင်း ကားထွက်နိုင်မှာပါ” လို့ အောင်မင်္ဂလာအဝေးပြေးကားကွင်းမှာ အခြေစိုက်တဲ့ ယာဉ်လိုင်းတာဝန်ခံက သံလွင်တိုင်းမ် ကိုပြောပါတယ်။

စက်သုံဆီစျေးနှုန်းတွေအဆမတန်မြင့်တက်လာတဲ့အတွက် ဩဂုတ်လ(၂၆) ရက်နေ့ ကစပြီး အဝေးပြေးယာဉ်လိုင်းတွေဟာ ကားလက်မှတ်ခကို ကျပ်(၂၀၀၀) ကနေ ကျပ်(၅၀၀၀) အထိ စျေးနှုန်းတိုးကောက်လာရတယ်လို့ သူက ပြောပါသေးတယ်။

ရန်ကုန်တိုင်းကို အခြေပြုပြီး အောင်မင်္ဂလာအဝေးပြေးနဲ့ ဒဂုံဧရာအဝေးပြေးကားကွင်းတွေကနေ ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေကို လူမဲ့တန်ဆာတင်ဆောင်မှုမပြုဘူးလို့ ပြီးခဲ့တဲ့ ဩဂုတ်လ(၃) ရက်နေ့ကစစ်ကောင်စီက တားမြစ်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ပြည်တွင်း ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်းတွေမှာ ခရီးသည်တွေကားလက်မှတ်ဝယ်ယူရင် ကိုယ်ရေး အျက်အလက်အပြည့်အစုံ၊ မှတ်ပုံတင်နဲ့ ဖုန်းနံပါတ်ကိုပါ ယူပြီးမှ ရောင်းချဖို့ ပြီးခဲ့တဲ့ ဩဂုတ်လ (၂၁) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.