ဂန့်ဂေါ – ဩဂုတ်(၂၈)

မကွေးတိုင်းဂန့်ဂေါမြို့နယ်မောက်ရွာမှာစစ်ကောင်စီက နေအိမ်တွေနဲ့ နှမ်းတင်း(၃၀၀၀) ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသားနှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဩဂုတ်လ(၂၈) ရက်နေ့ မနက်ပိုင်းက ကျေးရွာထဲကို ဝင်လာပြီး ပြည်သူတွေရဲ့ နေအိမ် (၂၄) လုံးကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

“တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတာ။အခြေနေတွေကသေချာမသိရဘူး။ ဒီနေ့မနက်ပိုင်းက မောက်ရွာကိုမီးရှို့ပြီးထွက်သွားကြပြီ။ ခုနေ့လည်ပိုင်းကျ မောက်ရွာနားက မောင်လင်းရွာကို မီးထပ်ရှို့နေတယ်လို့သိရတယ်။”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီမီးရှို့ခဲ့တဲ့ မောက်ရွာဟာ အိမ်ခြေ(၈၀၀) ရှိတဲ့ ကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ်တွေ ရွာထဲကပြန်လည်ထွက်ခွါချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် မှာ ရွာသားနှစ်ဦးအလောင်းကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၂၇) ရက်နေ့က အင်အား (၂၀) ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ကာကွယ် ရေး တပ်ဖွဲ့တွေ လက်ပန်ရွာဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက လက်နက် ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကျေးရွာစာသင်ကျောင်းနဲ့ ဆေးရုံနားမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

လက်ပန်ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရှေ့ပြေးစစ်ကြောင်းနဲ့ YDF တပ်ဖွဲ့တို့ တစ်ရက် တည်း တိုက်ပွဲ (၃) ကြိမ်ဖြစ်ပွားခဲ့ပြီး YDF စနိုက်ပါ ရဲဘော်ရဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က လက်ပန်ကြိုးတံတားပေါ်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က သေဆုံးသွားတဲ့အလောင်းကို လာကောက်တဲ့ နောက်ထပ်စစ်သားတစ်ဦးကို လည်း စနိုက်ပါနဲ့ ထပ်မံပစ်ခတ်ခဲ့တဲ့အတွက် အလောင်းနှစ်ခုလုံးဟာ တံတားပေါ်မှာပဲ ရှိနေသေးပြီး ဩဂုတ်လ(၂၈) ရက်နေ့ ညနေပိုင်းအထိ အလောင်းလာကောက်တာ မရှိသေးပါဘူး။

လက်ရှိမှာတော့ စစ်ကောင်စီနဲ့ YDF တို့တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် လက်ပန်ရွာနဲ့ မောက်ရွာအပါ အဝင် ကျေးရွာ (၅) ရွာက ဒေသခံတွေဟာ ရွာလုံးကျွတ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းတွေက ပြည်သူတွေရဲ့ နေအိမ် (၃) သောင်းဝန်းကျင်ကို မီးရှို့ဖျက်ဆီးထားတယ်လို့ Data for Myanmar အဖွဲ့က ဩဂုတ်လ(၂၇) ရက်နေ့က ထုတ်ပြန်ထားပါတယ်။

စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် မကွေးတိုင်းမှာ နေအိမ် (၅၄၁၈) လုံး မီးလောင်ပျက်ဆီးခဲ့ရပြီး ပြည်သူ (၂) သိန်းကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ပြည်လူထုရဲ့ အိုးအိမ်စည်းစိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးတာ မရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန်မှာ လိမ်လည်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – YDF ( ပုံအဟောင်း)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.