မော်လမြိုင် ၊ သြဂုတ် (၂၆)

မော်လမြိုင်မြို့အနီးမှာ အကောင်အထည်ဖော် တည်ဆောက်မယ့် နိုင်ငံတကာအဆင့်မီ လေဆိပ်နဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းစီမံကိန်းအတွက် မြေယာလျော်ကြေး အပြည့်အဝ ပေးသွားမယ်လို့ မွန်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ဦးအောင်ကြည်သိန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတကာအဆင့်မီ လေဆိပ်ကို မုဒုံမြို့နယ်၊ကော့ပရံကျေးရွာအနီးမှာ တည်ဆောက်ဖို့နဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းကို မုဒုံမြို့နယ်ရဲ့ ပင်လယ်ထွက်ပေါက်နဲ့နီးတဲ့ ဘလောက်ညောင်ဝိုင်းနဲ့ ဝဲကလိကျေးရွာကြားမှာ တည်ဆောက်သွားဖို့ မြေနေရာတွေ သတ်မှတ်ထားပါတယ်။

နိုင်ငံတကာအဆင့်မီ လေဆိပ်စီမံကိန်းအတွက် မြေဧက ၄၃၀၀ ကျော် လျာထားသလို ဆိပ်ကမ်းစီမံကိန်းအတွက် မြေဧက ၃၆၀ ကျော် သတ်မှတ်ထားပါတယ်။

အဲဒီစီမံကိန်းအတွက် မြေယာလျော်ကြေးအဖြစ် ငွေကျပ် ၂၇ ဘီလီယံကျော် ပေးချေသွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ဦးအောင်ကြည်သိန်းကတော့ မြေယာလျော်ကြေး ပေးချေးရာမှာ ငှက်ပျောပင်၊ အုန်းပင်ကအစ လျော်ကြေး ပေးချေသွားမှာ ဖြစ်ကြောင်းနဲ့ မြေယာလျော်ကြေးကိုလည်း ဒေသပေါက်ဈေးထက် ပိုတွက်ချက်ပေးထားတယ်လို့ ပြောပါတယ်။

“ ထန်းပင်ကအစ ပေါက်ပန်းဖြူပင်လည်း မကျန်ဘူး ၊ ဌက်ပျော်ပင်ကအစ လျော်ကြေးအကုန်တွက်ထားတယ်။ မြေယာက ဒေသပေါက်စျေးထက်ပိုပြီး လျာထားပေးတာရှိတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စီမံကိန်းအတွက် ပေးချေသွားမယ့် မြေယာလျော်ကြေးတွေကို အာဏာသိမ်း စစ်ကောင်စီထံ တင်ပြထားပြီး လာမယ့် ဘဏ္ဍာရေးနှစ်မှာ ပါဝင်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြေယာလျော်ကြေးအတွက် တန်းဖို သတ်မှတ်ရာလည်း ဒေသခံ ကိုယ်စားလှယ်တွေနဲ့ပါ တိုင်ပင်တွက်ချက်ထားတာ ဖြစ်ပြီး နစ်နာမှု မရှိအောင် ဆောင်ရွက်ပေးမယ်လို့ အာမခံလာတာ ဖြစ်ပါတယ်။

“ သတ်မှတ်ရာမှာလည်း တောင်သူလယ်သမား ကိုယ်စားလှယ်ပါ ပါတယ် ၊ သူတို့ ကျေနပ်အောင်ပေါ့ ။ တွက်ချက်ရာမှာလည်း အပင်တွေကအစ လျော်ပေးဖို့ ထည့်တွက်ထားပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ ပူးပေါင်းထားတဲ့ မွန်နိုင်ငံရေးပါတီ တစ်ခု ဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီကတော့ စစ်ကောင်စီ အကောင်အထည် ဖော်ဆောင်ရွက်မယ့် လေဆိပ်နဲ့ ဆိပ်ကိန်းစီမံကိန်းကို စောင့်ကြည့်နေကြောင်းနဲ့ မြေယာလျော်ကြေး ပေးချေရာမှာလည်း ဥပဒေနဲ့အညီ ဖြစ်ဖို့ ကြိုးပမ်းသွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတည်ဆောက်ရေးအတွက် ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်မှု(Feasibility Study) ဆောင်ရွက်ဖို့ အတွေ့အကြုံရှိ ကုမ္ပဏီတွေအနေနဲ့ အိတ်ဖွင့်တင်ဒါ တင်သွင်းကြဖို့ ဖိတ်ခေါ်ထားပါတယ်။

မွန်ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီကတော့ စစ်ကောင်စီရဲ့ စီမံကိန်းဟာ လူတစ်စုကောင်းစားရေး အာဏာရှင်စီမံကိန်းမျှသာ ဖြစ်ကြောင်းနဲ့ တရားဝင်အစိုးရ မဟုတ်တာကြောင့် သူတို့ရဲ့ မြေယာသိမ်းဆည်းတာ၊ ရောင်းချတာနဲ့ လက်ပြောင်းလက်လွှဲပြုတာတွေ တရားမဝင်ဘူးလို့ ပြီခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.