မော်လမြိုင် ၊ သြဂုတ် (၂၆)

မွန်ပြည်နယ်မှာ စစ်ကောင်စီတပ်သားတွေနဲ့အတူ ရှေ့တန်းထွက်နိုင်မယ့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ အမည်စာရင်းပေးကြဖို့ သက်ဆိုင်ရာရဲတပ်ဖွဲ့မှူးတွေထံ စစ်ကောင်စီတပ်က တောင်းခံနေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရပါတယ်။

ပြီးခဲ့တဲ့အပတ်ကစပြီး စစ်ကောင်စီတပ်ဟာ ရှေ့တန်းထွက်နိုင်မယ့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ အမည်စာရင်း ပေးကြဖို့နဲ့ ရှေ့တန်းက ပြန်လာရင် အိမ်၊ခြံကွက်နဲ့ ရာထူးတိုးပေးမယ်ဆိုပြီး စည်းရုံးလာတာပါ။

“စစ်သားတွေနဲ့ ရှေ့တန်းမှာ လိုက်မယ့် ရဲတွေရှိရင် အမည်စာရင်း ပေးကြဖို့ပေါ့၊ တကယ်လို့ အဲကနေ ပြန်ရောက်လာရင် အိမ်၊ ခြံကွက်နဲ့ ရာထူးအကျိုးအမြတ် ခံစားခွင့် အပြည့်အဝပေးမယ်၊ ဘယ်သူကမှ ခုချိန်ထိတော့ သွားဖို့ စာရင်းပေးတာမရှိသေးဘူး”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ရှေ့တန်းထွက်ဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေရဲ့အမည်စာရင်းကို အတင်းအကြပ် တောင်းခံတာမျိုးမဟုတ်ဘဲ မိမိသဘောဆန္ဒရှိမှသာ စာရင်းပေးရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ တခြားပြည်နယ်နဲ့တိုင်း အသီးသီးရှိ သက်ဆိုင်ရာရဲတပ်ဖွဲ့မှူးတွေထံ ရှေ့တန်းထွက်နိုင်မယ့် ရဲတပ်ဖွဲ့ဝင်တွေရဲ့အမည်စာရင်းတွေကိုလည်း တောင်းခံနေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပေမယ့် သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

ဒေသကာကွယ်ရေးတပ် PDF တပ်ဖွဲ့ဝင်တစ်ဦးကတော့ “သူတို့မှာ အင်အားမရှိတော့လို့ပေါ့ အဲလိုပဲယူဆတယ်၊ PDF ကတော့ ဘယ်သူလာလာ တိုက်မှာပဲလေ၊ စစ်သားတွေပဲ တိုက်ခိုက်ရည်ရှိမယ် ရဲတွေက ဘာရှိလို့လဲ၊ သူတို့ပါလည်း ဘာမထူးဘူး” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရဲတပ်ဖွဲ့ဖွဲ့စည်းပုံအရဆိုရင် ရဲအရာရှိနဲ့ ရဲအမှုထမ်းအပါအဝင် ၁၈၀,၀၀၀ ကျော်ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံးရဲ့ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် မြေပြင်မှာတော့ ဖွဲ့စည်းပုံအတိုင်း အပြည့်အဝ မခန့်ထားနိုင်ဘူးလို့ လေ့လာသူတွေက ဆိုကြပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်နေရပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့ထဲ ဝင်ရောက် တာဝန်းထမ်းဆောင်လိုသူတွေ နည်းပါးနေတယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဒီနှစ် မတ်လ ၂၅ ရက်မှာ “မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဥပဒေ”ကို ပြဋ္ဌာန်းခဲ့ပါတယ်။

ဥပဒေထုတ်ရတဲ့ ရည်ရွယ်ချက်အဖြစ် “လိုအပ်သည့်အချိန်တွင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ရန်” လို့ ပါရှိပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်လက်မှတ်နဲ့ ထုတ်ပြန်တဲ့ ရဲတပ်ဖွဲ့ဥပဒေပုဒ်မ ၁၈ ပုဒ်မခွဲ (ဈ) မှာလည်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ တာဝန်ကို “နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ခြင်း” လို့ ပြဋ္ဌာန်းထားပါတယ်။

ဒီဥပဒေကြောင့် နိုင်ငံလုံခြုံရေးအတွက်သာ အဓိကတာဝန်ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စစ်ပါတိုက်ခိုင်းမယ့် ဥပဒေအဖြစ် နိုင်ငံရေးလေ့လာသူတွေက ရှုမြင်ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.