ရေး ၊ သြဂုတ် (၂၆)

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်ကြောင့် ပြည်သူတွေဟာ သွားရေးလာရေးအပြင် စားဝတ်နေရေးပါ ထိခိုက်လာတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ လက်အောက်ခံဌာနဆိုင်ရာရုံးတွေ မကြာခဏ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ရေးမြို့နယ်အတွင်း ပြည်သူတွေရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်း တည်ငြိမ်းရေးအတွက်ဆိုပြီး ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်နေ့မှာ ဒေသန္တရအမိန့်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီဒေသန္တရအမိန့်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်နဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြားမပါဘဲ နယ်မြေကျော် ခရီးသွားလာခွင့် မပြုတဲ့အပြင် ရေးမြို့အတွင်း မည်သည့်ယာဉ်နဲ့ လူတွေမဆို ည ၈ နာရီကနေ နံနက် ၄ နာရီအတွင်း ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားပါတယ်။

ဒါ့အပြင် ဆိုင်ကယ်စီးနင်းရာမှာလည်း အမျိုးသားနှစ်ဦး မစီးရ၊ အမျိုးသမီးမောင်းတဲ့ ဆိုင်ကယ် အမျိုးသားမလိုက်ရ သတ်မှတ်ထားသလို ဌာနဆိုင်ရာရုံးလမ်းတွေကိုလည်း ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပါတယ်။

ရေးမြို့ခံတစ်ဦးကတော့ စစ်ကောင်စီရဲ့ ဒေသန္တရအမိန့်ကြောင့် ဆိုင်ကယ်တက္ကဆီသမားတွေအပြင် ပြည်သူတွေမှာပါ သွားရေးလာရေ အခက်အခဲနဲ့ မိသားစု စားဝတ်နေရေး ပြဿနာတွေ ရင်ဆိုင်လာရတယ်လို့ ပြောပါတယ်။

“အဓိက ဆိုင်ကယ်ကယ်ရီဆွဲတဲ့သူတွေ၊ နောက် နယ်ကတက်လာတဲ့သူတွေ အခက်အခဲ ရှိတယ်။အစစအရာရာ အားလုံး ခက်ခဲကုန်တာပေါ့။ဘာဖြစ်လို့လဲဆိုတော့ ဆိုင်ကယ်က အမျိုးသား နှစ်ယောက် မစီးရဆိုတော့ အခြားကိစ္စတွေရော၊ လူမှုရေးကိစ္စတွေရော အကုန်လုံး ခက်ခဲတာပေါ့။ခါတိုင်း နှစ်ယောက်သွားလို့ ရတဲ့ကိစ္စ အခု တစ်ယောက်တည်း သွားတယ်။ကျောင်းပို့၊ ကျောင်းကြိုကအစ အစစ အရာအရာ အားလုံး ခက်ခဲကုန်တာပေါ့။မြို့ခံတွေရော၊ ကျေးရွာက လူတွေရော အကုန်လုံးပေါ့”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီကတော့ ဒေသန္တရအမိန့် ဖောက်ဖျက်ကျူးလွန်တွေသူတွေကို တည်ဆဲဥပဒေအရဖြစ်စေ ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရဖြစ်စေ အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ အရေးယူခံရတဲ့ပြည်သူတွေ ရှိလာတယ်လို့ မြို့ခံတွေက ပြောဆိုကြပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။ရေးမြို့ခံတစ်ဦးကလည်း စစ်ကောင်စီရဲ့ဒေသန္တရအမိန့်ကြောင့် မြို့ခံတွေ အပါအဝင် နယ်ကနေ ရေးမြို့ကို တက်လာတဲ့ ပြည်သူတွေကအစ အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။

“တက်စီသမားတွေ ပိုပြီး အခက်အခဲဖြစ်တယ်။တက်စီသမားတွေ ပြောတာက အရင်ကဆို တစ်နေ့ကို တစ်သောင်းကျော်ရတာ၊ အခုဆိုရင် လေးထောင်၊ငါးထောင်ရဖို့တောင် မနည်း သွားလာနေရတယ်တဲ့။မြို့ပြင်တို့ ဘာတို့ထွက်မယ်ဆို နည်းနည်း အခက်အခဲ ရှိတယ်။မှတ်ပုံတင်တွေ၊ ရပ်ကွက်ထောက်ခံစာတွေ အဲဒါတွေ ယူသွားရတယ်။အခုဆိုင်ကယ်လည်း (အမျိုးသား) နှစ်ယောက် စီးလို့ မရဘူး။ ညဘက်ကျလို့ရှိရင် ၈ နာရီဆို အပြင်မထွက်ရတော့ဘူး၊ သူတို့ သတ်မှတ်ထားတဲ့ အချိန်ကျော်လို့ အပြင်ထွက်မယ်ဆိုရင် သူတို့ ပစ်တယ်”လို့ သူက ဆိုပါတယ်။

ဒေသန္တရအမိန့် ထုတ်ပြန်ပြီးနောက် စစ်ကောင်စီဟာ ရေးမြို့အတွင်း လုံခြုံရေး တင်းကြပ်ထားသလို ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက် လုပ်ဆောင်နေတာပါ။

ဒေသခံတွေကတော့ စစ်ကောင်စီဘက်က လုံခြုံရေးတင်းကြပ်ထားတဲ့အတွက် သွားရေးလာရေး အခက်အခဲ ဖြစ်နေကြသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှာကိုလည်း စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့မှာ ရေးမြို့နယ် လဝကရုံးကို ရေးဘီးလူအဖွဲ့က လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ဒုမြို့နယ်လဝကမှူး အပါအဝင် သုံးဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိပြီးနောက် စစ်ကောင်စီက ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.