ကျိုက်ထို ၊ သြဂုတ် (၂၆)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းက လုပ်ငန်းရှင်တွေထံကနေ တော်လှန်းအဖွဲ့အစည်းအမည်ခံပြီး လူတစ်စုက ခြိမ်းခြောက်ငွေတောင်းတာတွေ လုပ်ဆောင်နေတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ထုတ်ပြန်ပါတယ်။

နိုင်ငံရေး မတည်ငြိမ်မှုအပေါ် အခွင့်အကောင်းယူပြီး လူတစ်စုဟာ တော်လှန်ရေးအဖွဲ့အမည်ခံပြီး လုပ်ငန်းရှင်တွေဆီကနေ ဖုန်းဆက်ပြီး ခြိမ်းခြောက်ငွေတောင်းမှုတွေ KRF အနေနဲ့ စုံစမ်းသိရှိထားပြီးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် တော်လှန်ရေး အမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းခံမှုတွေကို ချက်ချင်း ရပ်တန့်ဖို့နဲ့ ရပ်တန့်တာ မရှိဘဲ ဆက်လက် ငွေကြေးတောင်းခံပါက စစ်ရေးပစ်မှတ်အနေနဲ့ သုတ်သင်ရှင်းလင်းသွားမယ်လို့ ဆိုထားပါတယ်။

“ခြိမ်းခြောက်ငွေတောင်းတဲ့ အသံဖိုင် တချို့ ကျွန်တော်တို့ ရထားပါတယ်။ အခုလို လုပ်နေတဲ့သူတွေကို နောက်ဆုံးအနေနဲ့ သတိပေးချင်တယ်၊ ဆက်လုပ်နေမယ်ဆိုရင် ရှင်းသွားမယ်”လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျိုက်ထိုမြို့နယ်အတွင်းမှာတော့ ဗိုလ်ဇာနည် အမည်ခံပြီး စီးပွားရေးလုပ်ငန်းရှင်တွေထံ ငွေကျပ် တစ်သိန်းကနေ သိန်း ၂၀ လောက်ထိ တောင်းခံနေတာ ဖြစ်ပြီး မပေးရင် ဗုံးခွဲတာတွေ လုပ်ဆောင်သွားမယ်လို့ ခြိမ်းခြောက်လာတာပါ။

ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ကတော့ အခုလို ခြိမ်းခြောက် ငွေကြေးတောင်းခံမှုတွေကို ပြည်သူတွေအနေနဲ့ တိုင်ကြားပေးကြဖို့ တိုက်တွန်းထားပါတယ်။

မွန်ပြည်နယ်၊ မော်လမြိုင်မှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက တော်လှန်ရေးအမည်ခံပြီး ရွှေဆိုင်လုပ်ငန်းရှင်တွေကနေ ခြိမ်းခြောက် ငွေကြေးတောင်းခံလာတဲ့အတွက် ရွှေဆိုင်တချို့ ယာယီပိတ်သိမ်းတာတွေ လုပ်ဆောင်ခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.