ဆော – ဩဂုတ်(၂၅)

မကွေးတိုင်းဆောမြို့မှာ အသက်မပြည့်သေးတဲ့ ကလေးအပါအဝင် မိသားစုလိုက်သတ်ဖြတ်ပြီး ပစ္စည်းတွေလုယက်ခံလိုက်ရတဲ့အတွက် YDF(SAW) အဖွဲ့ကို ဒေသခံတွေက ရှုတ်ချခဲ့ကြပါ တယ်။

ပြီးခဲ့တဲ့ဩဂုတ်လ(၂၁) ရက်နေ့ က YDF(SAW) အဖွဲ့ဟာ ပျူစောထီးတွေ အစည်းအဝေး လုပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မိသားစုဝင်အားလုံးကို သတ်ဖြတ်ပြီး ပစ္စည်းတွေ ကိုလုယက်ခဲ့တဲ့အတွက် အခုလိုရှုတ်ချတာဖြစ်တယ်လို့ သိရပါတယ်။

“ဒီလိုကိစ္စမျိုးကိုတော့ ကျွန်တော်တို့ဒေသခံတွေကလက်မခံပါဘူး။ ဘယ်သူမှလက်ခံမှာလည်း မဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ အပြစ်ရှိရင် ရှိတဲ့သူကို လုပ်တာကိုလက်ခံမှာပဲလေ။ ခုက အပြစ်မရှိတဲ့ဘောလုံးပွဲလာကြည့်တဲ့ သူတွေကောအကုန်လုံးကိုလက်လွတ်စပယ်လုပ်ပစ်တော့ ဒေသခံတွေအကုန်လုံးကလက်မခံကြပါဘူး။” လို့ ဆောမြို့နယ်ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင်သေဆုံးသွားတဲ့မိသားစုဟာအုတ်၊သဲ၊​ကျောက်စီးပွားရေးလုပ်ငန်းလုပ်ကိုင်တာ ဖြစ်တဲ့ အတွက်စစ်တပ်နဲ့ ဆက်ဆံနေရတာသာရှိပြီး ဒေသခံတွေနဲ့ ဆက်ဆံရေးကောင်းမွန်ကာ လူမှုရေး ကောင်းမွန်တဲ့မိသားစုဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ ကျန်ရစ်သူမိသားစုဝင်တွေကို ဒေသတွင်းကတခြားကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ရှောက်ထားပြီး လုယက်ခံထားရတဲ့ ပစ္စည်းတွေကို YDF(SAW) က ပြန်ပေးတာ မရှိသေး ဘူးလို့ သိရပါတယ်။

အသက်(၁၃) နှစ်အရွယ်ကလေးသူငယ်အပါအဝင် မိသားစုတစ်ခုလုံးသတ်ဖြတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်ပရောက်ထောက်ပို့အဖွဲ့အစည်းတွေကလည်း ပြင်းထန်စွာ ရှုတ်ချထားပါသေးတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ အခုလိုအမှုတွေအတွက် မှတ်တမ်းတင်ထားမှာဖြစ်ပြီး ဘယ်လိုအခက်အရှိရှိရှိ ဖော်ထုတ်အရေးယူသွားမှာဖြစ်တယ်လို့ သံလွင်တိုင်းမ် ကို ပြောထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ယောအလင်းတန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.