ရန်ကုန် ၊ သြဂုတ် (၂၅)

စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းပေးဒလန်ဆိုသူတွေကို ရှင်းလင်းချိန်မှာ မှားယွင်းပစ်ခတ် ရှင်းလင်းမှုတွေကို ဖော်ထုတ်အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရNUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒလန်အဖြစ်ရှင်းလင်းတဲ့ ဖြစ်စဉ်တွေဟာ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်တဲ့ပုံစံဖြစ်မဖြစ်ကို စုံစမ်း စစ်ဆေးအရေးယူတာတွေလုပ်ဆောင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

စစ်ရေးပစ်မှတ်တွေကို မှားယွင်းတိုက်ခိုက်မှုတွေ၊ ရှင်းလင်းမှုတွေမဖြစ်စေဖို့ NUG အနေနဲ့ အသိပညာပေးတာတွေ၊လမ်းညွှန်မှုတွေကို လုပ်ဆောင်သွားမယ်လို့လည်း ဦးနိုင်ထူးအောင်က ပြောပါတယ်။

“ စစ်ရေးလိုအပ်ချက်အရ တိုက်ခိုက်ဖို့ သတ်မှတ်ချက်နဲ့ ပြည့်စုံနေသူတွေကိုပဲ စစ်ရေးပစ်မှတ်ထား တိုက်ခိုက်ဖို့ ညွှန်ကြားခဲ့တာတွေ ရှိပါတယ်။ အခုဆိုရင် ဒလံရှင်းတယ်လို့ တိုက်ခိုက်ရာမှာ မှားယွင်းတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ ကြားရပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီး အသေးစိတ် လေ့လာသွားပါတယ်။ သိရက်နဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာလား ဒါမှမဟုတ် ရည်ရွယ်ချက်တော့ မရှိဘူး ပေါ့ဆမှုကြောင့် ဖြစ်တာလား ၊ မတော်တဆ ဖြစ်တာလားဆိုတာ လေ့လာသုံးသပ်ပါမယ်။ သုံးသပ်ပြီးတဲ့အခါ ထုတ်ပြန်ထားတဲ့ ဥပဒေ စည်းမျဥ်းစည်းကမ်းတွေနဲ့ လိုအပ်သလို အရေးယူသွားပါမယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီလို စုံစမ်းစစ်ဆေးအရေးယူဖို့ လုပ်ဆောင်တာဟာ NUG အနေနဲ့ တော်လှန်ရေးလုပ်နေ တဲ့သူတွေကို ကြပ်တည်းအောင်လုပ်တာ မဟုတ်သလို လက်နက်ကိုင်တော်လှန်ရေးနဲ့ အနှစ်သာရ ပျောက်ကွယ်မသွားအောင်နဲ့ တော်လှန်ရေးပန်းတိုင်ပျောက်ကွယ်မသွားအောင် စီစဉ်ဆောင်ရွက် တာဖြစ်တယ်လို့ သူက ပြောပါတယ်။

လက်ရှိအချိန်ဟာ တော်လှန်ရေးကာလဖြစ်တဲ့အပြင် လက်နက်ကိုင်တော်လှန်ရေးလုပ်နေကြတဲ့ အဖွဲ့အစည်းအားလုံးကို လွှမ်းခြုံနိုင်ဖို့ အခက်အခဲတွေရှိနေသေးတဲ့အတွက် စုံစမ်စစ်ဆေးတဲ့ အနေအထားမှာ ပဲရှိနေသေးတယ်လို့ သိရပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ နယ်မြေတွေက အုပ်ချုပ်ရေးမှူးတွေကို ရှင်းလင်းရတာ ပိုမိုခက်ခဲလာပေမယ့် စစ်ဆင်ရေးတွေကို မရပ်တန့်ပဲ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ရန်ကုန်အခြေစိုက်တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြေအောက်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက အုပ်ချုပ်ရေးမှူးအမည်ခံ စစ်ကောင်စီသတင်းပေးတွေကို ရှင်း လင်းတာတွေလုပ်ဆောင်နေတာပါ။

“ လုံခြုံရေးတင်းကြပ်ထားတဲ့ စစ်တပ်နယ်မြေတွေမှာ အုပ်ကြီးတွေကို လုပ်ကြံတဲ့အခါ အခက်အခဲတွေ အများကြီး ရှိပါတယ် ခင်ဗျ။ သူတို့ဘက်က လုံခြုံရေးတင်းကြပ်ထားချိန်မှာ ကျွန်တော်တို့ဘက်က သေချာတဲ့ အချိန်တစ်ခု နေရာတစ်ခုကို ရွေးချယ်ရပါတယ်။ ဝင်လမ်း ထွက်လမ်းတွေကိုလည်း ဂရုစိုက်ရပါတယ်။ လုပ်တဲ့အလုပ်ကို အရေးပါ အရာရောက်အောင် ဂရုစိုက်ရပါတယ် “ လို့ မြေအောက်တော်လှန်ရေး လူငယ်တစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးအများစုဟာ စစ်တပ်ဩဇာခံ သတင်းပေး တွေဖြစ်သလို ပြည်သူတွေကို ဖိနှိပ်ခေါင်းပုံဖြတ်တာနဲ့ တော်လှန်ရေးတက်ကြွလှုပ်ရှားသူတွေကို စစ်တပ်က ဖမ်းဆီးနိုင်ဖို့ သတင်းပေးတာတွေလုပ်ဆောင်နေတဲ့အတွက် ရှင်းလင်းရတာ ဖြစ်တယ် လို့သူက ပြောပါသေးတယ်။

ဩဂုတ်လအတွင်း မြန်မာတစ်နိုင်ငံလုံးမှာ စစ်ကောင်စီသတင်းပေးအုပ်ချုပ်ရေးမှူးနဲ့ သတင်း ပေးဒလန် (၂၀) နီးပါး ရှင်းလင်းခံထားရပြီး အဲ့ဒီထဲမှာ ရန်ကုန်တိုင်းက စစ်ကောင်စီလက်အောက် ခံ (၁၀) ဦးနီးပါး ပါဝင်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၂၃) ရက်နေ့ မနက်ပိုင်းက မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် ကန်ကောက် ရပ်ကွက်မှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို မြေအောက်တော်လှန်ရေး အဖွဲ့ တစ်ဖွဲ့က CID ရဲမှူးနဲ့ မှားပြီး ရှင်းလင်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ အခုလို အမှုတွေအတွက် မှတ်တမ်းတင်ထားမှာဖြစ်ပြီး ဘယ်လိုအခက်အခဲရှိရှိ ဖော်ထုတ်အရေးယူသွားမှာဖြစ်တယ်လို့ သံလွင်တိုင်းမ် ကို ပြောခဲ့ ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- ဩဂုတ်လ(၂၃) ရက်နေ့ မှားယွင်းပစ်ခတ်မှုကြောင့် ကွယ်လွန်သူ ကိုစည်သူကိုကိုနှင့် မနှင်းဝေလှိုင် နာရေး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.