ရေး – ဩဂုတ်(၂၅)

မွန်ပြည်နယ် ရေးမြို့နဲ့(၃) မိုင်အကွာက ရေး-ထားဝယ်ကားလမ်းပေါ်မှာရှိတဲ့ ရေးတံတားပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒီနေ့ ဩဂုတ်လ(၂၅) ရက်နေ့ မနက်ပိုင်းက ရေးဘီလူး အဖွဲ့က တိုက်ခိုက်ခဲ့လို့ (၅) ဦးလောက်သေဆုံးခဲ့တယ်လို့ ရေးဘီးလူးအဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီနေ့မနက်(၁၀) နာရီလောက်က ရေးဘီးလူးအဖွဲ့က အင်အားသုံးပြီး ဝင်ရောက်ပစ်ခက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးတာတွေရှိခဲ့တာပါ။

“မနက်က ရေးတံတား စစ်ရေးဂိတ်ကို သွားပစ်တယ်။ စစ်ကောင်စီတပ်တွေနဲ့ပျူ တွေ ၉ ဦးရှိနေတယ်။ ပစ်ခတ်မှုမှာ ၅ ဦးသေပြီး ၄ ဦးပြင်းထန် ဒဏ်ရာရတယ်။ သူတို့စခန်းနေရာမှာ အဖွဲ့ရဲ့ အလံကိုတောင် စိုက်ခဲ့သေးတယ်။ ကျွန်တော်တို့ဘက်ကတော့ အထိခိုက်မရှိ ပြန်ဆုတ်လာနိုင်ခဲ့တယ်”လို့ ရေးဘီးလူးအဖွဲ့တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒါ့အပြင် ရေးတံတားကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မပစ်ခတ်ခင်ပြည်သူတွေ ထိခိုက်မှု မရှိစေဖို့အတွက် ခရီးသွားကားတွေကို တားဆီးပြီးမှာ ပစ်ခတ်မှုကို စတင်လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

ရေးဘီလူးအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရေးဆေးရုံဘကိကို လူမှုကူညီရေးအသင်းကားတွေနဲ့ သယ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ရေးမြို့က ဌာနဆိုင်ရာရုံးတွေမကြာခဏဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခံနေရတဲ့အတွက် ပြီးခဲ့တဲ့ ဩဂုတ်လ(၅) ရက်နေ့မှာ ဒေသန္တရ အမိန့်ထုတ်ပြန် ထားပါတယ်။

ရေးမြို့နယ်အတွင်းက ပြည်သူတွေရဲ့ လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းတည် ငြိမ်ရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေသန္တရအမိန့်ထုတ်ပြန် ထားတာဖြစ်ပါတယ်။

စစ်ကောင်စီကထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်နဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြားမပါဘဲ နယ်မြေကျော် ခရီးသွားလာခွင့် မပြုတာ၊ ရေးမြို့အတွင်းမှာ မည်သည့်ယာဉ်နဲ့ လူတွေမဆို ည (၈) နာရီကနေ မနက်(၄) နာရီအတွင်း ဖြတ်သန်းသွားလာခွင့်မပြုဘူးဆိုပြီးကန့်သတ်ထားတာပါ။

ဒေသခံတွေကတော့ စစ်ကောင်စီဘက်က လုံခြုံရေးတင်းကြပ်ထားတဲ့အတွက် သွားရေးလာရေး အခက်အခဲဖြစ်နေကြသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်ခံရမှာကိုစိုးရိမ်နေရတယ်လို့ သံလွင်တိုင်းမ် ကိုပြောထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ(၂၈) ရက်နေ့နဲ့ ဩဂုတ်လ(၃) ရက်နေ့တွေမှာ ရေးဘီးလူးအဖွဲ့ဟာ ရေးမြို့မရဲ စခန်းနဲ့ ရေးမြို့နယ်လဝက ရုံးတွေကို တိုက်ခိုက်ထားတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ လဝက ဝန်ထမ်းတွေသေဆုံးမှုရှိခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.