မော်လမြိုင် ၊ သြဂုတ် (၂၅)

မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသတွေမှာ အာဏာသိမ်းမှု ကယက်ကြောင့် ကြက်သွန် စိုက်ပျိုးမှု ထက်ဝက်နီးပါး ကျဆင်းလာပြီးနောက် မွန်ပြည်နယ်မှာ ကြက်သွန်နီးဈေးနှုန်း ၃ ဆနီးပါး မြင့်တက်လာတယ်လို့ ပွဲရုံလုပ်ငန်းရှင်တွေနဲ့ ကြက်သွန်စိုက်တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ပြည်နယ်ဟာ မီးဖိုချောင်းသုံးဖြစ်တဲ့ ကြက်သွန်နီတွေကို အထက်အညာဒေသတွေ ဖြစ်တဲ့ မုံရွာ၊ တောင်သာ ၊ မလှိုင်၊ ဆိပ်ဖြူအပါအဝင် မြစ်သားဒေသတွေကနေ အဓိက မှာယူသုံးစွဲနေရတာပါ။

ကြက်သွန်နီဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဇွန်လက တစ်ပိဿာ ကျပ် ၉၀၀ လောက် ရှိခဲ့ရာမှ သြဂုတ်နောက်ဆုံးအပတ်မှာတော့ တစ်ပိဿာကို ကျပ် ၃၀၀၀ ကျော်ထိ ဈေးနှုန်း ၃ ဆနီးပါး မြင့်တက်လာပါတယ်။

ကြက်သွန်နီဈေးနှုန်းဟာ တောင်သူတွေထဲ လက်ကျန်ပစ္စည်း နည်းပါးလာတာနဲ့ ကုန်ပစ္စည်း လိုသလောက် ဝင်ရောက်မှု မရှိတဲ့အတွက် ဈေးနှုန်း ဆက်လက်မြင့်တက်လာတာ ဖြစ်တယ်လို့ ပွဲရုံလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“ကြက်သွန်နီ ဈေးက ဘာကြောင့် မြင့်တက်လာလည်း ဆိုတော့ တောင်သူတွေရဲ့ လက်ထဲမှာ ပစ္စည်း နည်းနည်းလေး နည်းတာပေါ့နော်၊ လက်ကျန် အင်အား နည်းတာပေါ့၊ အဲ့တာ လေတွေ ကြောင့်ပေါ့ ကြက်သွန်က ဈေးနှုန်း တက်လာတာပေါ့၊ တောင်သူ လက်ထဲမှာ ဘယ်လို ပြောမလည်း ဆိုတော့ ရောင်းပြီးရင် တောင်သူ လက်ထဲမှာ ပြန်ဝယ်တဲ့ အခါကျရင် တောင်သူက လက်ထဲမှာ ပစ္စည်း အင်အား နည်းတဲ့အတွက် သူတို့က ထိန်းပြီးတော့ ရောင်းကြတာပေါ့နော်၊ အဲ့တာကြောင့် ဈေးလေးတက်လာ တာပေါ့၊ ပစ္စည်းကကျတော့ ဝင်တဲ့ အားကလည်း ဝင်အားနည်းတာ ပေါ့နော်၊ ဝင်အား ဥပမာ မော်လမြိုင်မှာ တစ်နေ့ကို ကြက်သွန်ကား ကုန်ချိန် (၃)သောင်းလောက် စားကုန်တယ်ဆို ဝင်တာက (၂)သောင်း လောက်ပဲ ဝင်တယ် ဆိုရင်တော့ ဒီဟာက လိုအပ်တာထက် နည်းပြီး ဝင်တယ်ဆိုတော့ ဈေးလေး တက်လာတာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် ကြက်သွန်နီဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာတာနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်ကြီးမြင့်လာတဲ့အတွက် ဈေးနှုန်း ဆက်လက်မြင့်တက်တာ ဖြစ်ပါတယ်။

ကြက်သွန်နီ ဈေးနှုန်း မြင့်တက်လာပေမယ့် တောင်သူတွေ လက်ထဲ ကြက်သွန်နီ လက်ကျန် မရှိတဲ့အတွက် အကျိုးအမြတ် မရှိကြဘဲ သိုလှောင်ထားတဲ့ ကုန်သည်တွေသာ အကျိုးအမြတ် ရှိတယ်လို့ ကြက်သွန်စိုက် တောင်သူတွေက ပြောပါတယ်။

ကြက်သွန်နီ စိုက်ပျိုးရာမှာလည်း သွင်းအားစုစရိတ်နဲ့ အထွေထွေ ကုန်ကျမှု စရိတ် ကြီးမြင့်မှုတွေကြောင့် ပြန်လည် စိုက်ပျိုးဖို့ပင် အခက်အခဲ ရှိလာတယ်လို့ ကြက်သွန်စိုက် တောင်သူ တစ်ဦးက ဆိုပါတယ်။

“အခက်အခဲ စပြောရရင် ဆီဈေးတက်တော့ ထွန်စက်သမားတွေကလည်း စက်ခ ဈေးတက်တယ်ဗျာ၊ ထွန်စက်ခ ဈေးကြီးတယ်၊ မြေဩဇာ ဈေးကလည်း ပြီးခဲ့တဲ့ နှစ်က (၃)သောင်းလောက် ရှိတာကို အခုနှစ် (၁၂၀၀၀၀) ဝယ်ရတယ်ဗျာ၊ ဆေးဆိုလည်း ပေါင်းသတ်ဆေး ဆိုလည်း ပြီးခဲ့တဲ့ နှစ်က (၂၆၀၀၀) ဝယ်ရတဲ့ ပေါင်းသတ်ဆေးက အခုနှစ် (၅၆၀၀၀) ဝယ်ရတယ်ဗျာ၊ ဈေးတွေက ခေါက်ချိုးတွေ တက်တယ်ဗျာ၊ ဆီဈေးက တက်တယ်ဗျာ၊ ပြီးခဲ့တဲ့ နှစ်က (၁၀၀)ရာခိုင်နှုန်း စိုက်ရင် အခုနှစ် (၅၀) ရာခိုင်နှုန်းပဲ စိုက်နိုင်တယ်၊ တောင်သူတွေ အဖို့ ကြက်သွန်စိုက်ဖို့က သိပ်ပြီး မလွယ်သေးဘူးဗျ၊ စားဝတ်နေရေးတောင် အနိုင်နိုင် ဖြစ်နေကြတာဗျ”လို့ ဆိုပါတယ်။

တဖက်မှာတော့ ကြက်သွန်စိုက်တောင်သူတွေဟာ ကြက်သွန်နီ စိုက်ပျိုးရာမှာ ကုန်ကျစရိတ် ကြီးမြင့်ပြီး အရှုံးပေါ်တာကြောင့် လျော့ချ စိုက်ပျိုး နေရသလို တိုက်ပွဲ ဖြစ်ပွားရာ နေရာတွေမှာလည်း သွားလာရအခက်အခဲတာကြောင့် စိုက်ပျိုးတာတွေ မရှိတော့ဘူးလို့ ဆိုကြပါတယ်။

ကြက်သွန်နီ ဈေးနှုန်း မြင့်တက်လာတဲ့အတွက် ဈေးကွက်အတွင်း အရောင်းအဝယ် အေးနေသလို အရင်လို ဝယ်ယူစုဆောင်းသူ မရှိသလောက် နည်းပါးလားတယ်လို့ လက်လီ လက်ကား ရောင်းချသူတွေက ပြောပါတယ်။

မွန်ပြည်နယ်ဟာ အရင်က ပြည်တွင်းကြက်သွန်နီတွေ ဈေးနှုန်း မြင့်တက်ချိန်မှာ တရုတ်နိုင်ငံထွက် ကြက်သွန်နီတွေကို တင်သွင်းတာတွေ ရှိခဲ့ပေမယ့် အခုအခါမှာတော့ တရုတ်ယွမ်ဈေးနှုန်း မြင့်တက်နေတဲ့အတွက် တင်သွင်းတာတွေ မရှိတော့ဘူးလို့ ပွဲရုံလုပ်ငန်းရှင်တွေက ဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.