ရန်ကုန် – ဩဂုတ်(၂၅) မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း မစ္စဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်း ဖြစ်သူ ပန်းချီဆရာ ကိုထိန်လင်းတို့ကို အာဏာသိမ်းစစ်ကောင်စီက လူဝင်မှုကြီးကြပ်ရေးဥပဒေတွေကို ဖောက်ဖျက် နေထိုင်လို့ ဖမ်းဆီးထိမ်းသိမ်းလိုက်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၂၄) ရက်နေ့ ညပိုင်းက သူတို့ဇနီးမောင်နှံကို ရန်ကုန်မြို့က သူတို့ရဲ့ နေအိမ်မှာ စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လာရောက်ခေါ်ဆောင်သွားတာပါ။

မစ္စဗစ်ကီဘိုးမန်းဟာ မြန်မာနိုင်ငံကို ၂၀၁၉ခုနှစ် ဒီဇင်ဘာ (၈)ရက် ကတည်းက မြန်မာနိုင်ငံကို ရောက်ရှိနေထိုင်ခဲ့တာဖြစ်ပြီး သူမရဲ့ ဗီဇာနေထိုင်ခွင့်သက်တမ်းဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၁) ရက်နေ့ကနေ ၂၀၂၂ ခုနှစ်အောက်တိုဘာလ (၂၂) ရက်နေ့အထိဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။

စစ်ကောင်စီက သူတို့ နှစ်ဦးဟာ နေထိုင်ခွင့်ပြုထားတဲ့ လိပ်စာမှာ နေထိုင်တာမရှိဘဲ ၂၀၂၁ ခုနှစ် မေလ(၄) ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဩဂုတ်လ(၉) ရက်နေ့အထိ ရှမ်းပြည်နယ် ကလောမြို့မှာ နေထိုင်ခဲ့ပြီးနိုင်ငံခြားသားမှတ်ပုံတင်နေထိုင်မှုမှာ လိပ်စာပြောင်းရွှေ့နေထိုင်ခွင့်လျှောက်ထားဖို့ ပျက်ကွက်ခဲ့တဲ့အတွက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

မစ္စဗစ်ကီဘိုးမန်းကို ၁၉၄၈ခုနှစ်နိုင်ငံခြားသား မှတ်ပုံတင်စည်းမျဥ်း စည်းကမ်း ဥပဒေတွေနဲ့အညီ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ပန်းလှိုင်အိမ်ရာမှာ နေထိုင်ခွင့်လက်မှတ်ကို မတ်လ (၉)ရက်နေ့မှာ ထုတ်ပေးခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံသား ကိုထိန်လင်းကို ဇနီးဖြစ်သူနိုင်ငံခြားသူရဲ့ နေရပ်လိပ်စာပြောင်းလဲနေထိုင်တာကို အားပေးအားမြှောက်ပြုလုပ်တယ်ဆိုပြီး ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃(င) ကိုကျူးလွန်ခဲ့တယ်ဆိုပြီး ဖမ်းဆီးထားသလို မစ္စဗစ်ကီဘိုးမန်းကိုတော့ ၁၉၄၈ ခုနှစ်နိုင်ငံခြားသား မှတ်ပုံတင်ရေး နည်းဥပဒေအပိုဒ်(၁၁)၊(၂)-ခ ကိုကျူးလွန်ခဲ့သလို အဲ့ဒီဥပဒေပုဒ်မ (၅)/၁ ကို ကျူးလွန် တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ်။

ဒါ့အပြင် နှစ်ဦးလုံးကို လူဝင်မှုကြီးကြပ်ရေးဥပဒေအက်ဥပဒေပုဒ်မ ၁၃(၁)/၁၃(၅) နဲ့ အမှုဖွင့်စစ်ဆေး နေတယ်လို့ပြောဆိုထားပြီး အင်းစိန်အကျဉ်းထောင်ကိုပို့ဆောင်ထားတယ်လို့ နီးစပ်သူတွေက ပြောထားပါတယ်။

ဗြိတန်သံအမတ်ဟောင်း မစ္စဗစ်ကီဘိုးမန်းဟာ မြန်မာနိုင်င့မှာ အခြေခံနေထိုင်ချိန်မှာ မြန်မာ့စီးပွားရေး ကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (Myanmar Centre for Responsible Business – MCRB) ကိုတည်ထောင်ထားသူဖြစ်သလို ကိုထိန်လင်းကတော့ ABSDF တပ်ဖွဲ့ဝင်ဟောင်း တစ်ဦး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.