ပုလော – ဩဂုတ်(၂၅)

တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဩဂုတ်လ(၂၄) ရက်တစ်ရက်တည်းမှာ တိုက်ခိုက်မှုတစ်ကြိမ်နဲ့ မိုင်းဖောက်ခွဲမှု (၂) ကြိမ်ပြုလုပ် ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပုလောမြို့နယ် ပုလောကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို PDF မြိတ်ခရိုင်တပ်ရင်း(၁)နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

“တိုက်ပွဲတစ်ကြိမ်ဖြစ်တယ်၊ နှစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်၊ အဲမှာ အပြန်အလှန်ပစ်ခတ်မှု ခဏလောက်တော့ ဖြစ်တယ်၊ လက်နက်အင်အားမမျှလို့ ပြန်ဆုတ်ခဲ့ရတယ်” လို့ ပုလော PDF တပ်ဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးခဲ့ပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိခဲ့ဘူးလို့ Palaw PDF က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီနေ့မှာပဲ ထားဝယ်မြို့ကနေ ပုလောမြို့ကို ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ပုလောမြို့နယ် မိုင်တိုင်(၄)အနီးမှာ မိုင်းနှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုရှိ မရှိကိုတော့ စုံစမ်းနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့မှာပဲ ပုလောမြို့နယ်၊ တပိုကျေးရွာတံတားထိပ်မှာ စစ်ကောင်စီတပ်စိတ်တစ်ခု ပြည်သူ့ကာကွယ်ရေး ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်တာကို ခံခဲ့ရသေးတယ်လို့ ဒေသခံတွေက ပြောဆိုထားပြီး ထိခိုက်သေဆုံးမှုကိုတော့ သံလွင်တိုင်းမ်အနေနဲ့ အတည်မပြုနိုင် သေးပါဘူး။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးမှာ PDF အဖွဲ့ပေါင်းရာနဲ့ချီပေါ်ပေါက်လာခဲ့ ပါတယ်။ စစ်ကောင်စီကို အံတုနေတဲ့ PDF တွေဟာ နိုင်ငံအောက်ပိုင်းထားဝယ်၊တနင်္သာရီဒေသတွေမှာသာမက နိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊မကွေးဒေသတွေမှာလည်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Ghost Ranger- Palaw UG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.