ညောင်လေးပင် ၊ သြဂုတ် (၂၄)

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နဲ့ ဒူးပလာယာခရိုင် တပ်မဟာ(၆)ထဲမှာ စစ်ကောင်စီတပ်က ကြည်းကြောင်းနဲ့ လေကြောင်း ပေါင်းပြီး အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ကေအဲန်ယူနဲ့ နယ်မြေဒေသခံတွေဆီကနေ သိရပါတယ်။

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ မြဝတီ-ဝေါ်လေ ကားလမ်းပေါ်က သုံးထပ်ကွေ့နေရာနဲ့ အနီးဝန်းကျင်မှာ ဒီကနေ့ သြဂုတ် ၂၃ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်က လေကြောင်း အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေသလို မြေပြင်ကနေလည်း လက်နက်ကြီးတွေပစ်ခတ်ပြီး ထိုးစစ်ဆင်နေတယ်လို့ KNLA ပူးပေါင်းတာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့ကြား တိုက်ပွဲပြင်းထန်နေတဲ့ မြဝတီ-ဝေါ်လေ သုံးထပ်ကွေ့နေရာကို စစ်ကောင်စီတပ်က ညနေ(၃)နာရီအချိန်ထိ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

မြဝတီ-ဝေါ်လေ ကားလမ်းပေါ်က သုံးထပ်ကွေ့နေရာတဝိုက်ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇူလိုင်(၇)ရက်ကစပြီး ဒီကနေ့အချိန်ထိ တလကျော်ကြာ ထိုးစစ်ဆင်မှုတွေပြုလုပ်ခဲ့ပေမယ့် အကျအဆုံးများပြားခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကလည်း ကော်ဘရာစစ်ကြောင်းထံ လက်နက်ချအလင်းဝင်ရောက်တာတွေလည်း ရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီကနေ့ ဩဂုတ် (၂၃)ရက်နေ့ မနက်(၅)နာရီကျော်အချိန်ကလည်း ကေအဲန်ယူ-ညောင်လေးပင်ခရိုင် တပ်မဟာ ၃ အုပ်ချုပ်နယ်မြေဖြစ်တဲ့ မုန်းမြို့နယ်၊ ကနစိုးပင်ကျေးရွာအနီးမှာ KNLA တပ်ရင်း(၈)နဲ့ စစ်ကောင်စီတပ်တို့အကြား မိနစ်(၄၀)ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မနက်(၇)နာရီ (၂၀)မိနစ်မှာတော့ စစ်ကောင်စီဘက်က ကနစိုးပင်းကျေးရွာအပေါ် ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ ကျေးရွာအပေါ် လာရောက်ပစ်ခတ်မှုကြောင့် အိမ်ခြေ(၂၀၀)ကျော်ရှိပြီး လူဦးရေ(၁၁၀၀)ကျော်ရှိတဲ့ ကနစိုးပင်ကျေးရွာထဲက ပြည်သူလူထုတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။

စစ်ကောင်စီဟာ ငြိမ်းချမ်းရေးကိုအကြောင်းပြပြီး လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးဖို့ဖိတ်ခေါ်တွေ့ဆုံစဉ် တဖက်မှာလည်း ကေအဲန်ယူအပါအဝင် တိုင်းရင်းသားနယ်မြေတွေတချို့မှာ ထိုးစစ်ဆင်မှုတွေ အဆက်မပြတ်ပြုလုပ်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.