ရန်ကုန် ၊ ဧပြီ (၂၄)

လာမယ့်နှစ် တက္ကသိုလ်ဝင်တန်း စနစ်ဟောင်းစာမေးပွဲအတွက် ဖြေဆိုခွင့်လျှောက်လွှာတွေကို စက်တင်ဘာ ၁ရက်နေ့ကနေ လကုန်ထိ လျှောက်ထားနိုင်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဩဂုတ် ၂၃ ရက်နေ့မှာ ကြေညာပါတယ်။

၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ကျရှုံးသူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုတာ မရှိတဲ့ ကျောင်းသား၊ကျောင်းသူတွေအတွက် စနစ်ဟောင်း၊သင်ရိုးဟောင်း စာမေးပွဲကို နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၃ ခုနှစ်မှာ ကျင်းပပေးမယ်လို့ ဆိုပါတယ်။

ဝင်ခွင့်လျှောက်လွှာတစ်စောင်အတွက် ကျပ်၂၀၀ အပါအဝင် ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်း ၇ဝဝ ကျပ် စုစုပေါင်း ၉၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။လျှောက်လွှာပုံစံတွေနဲ့ ငွေသွင်းတံဆိပ်ခေါင်းတွေကို နေပြည်တော်က မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရုံးချုပ်)နဲ့ ရန်ကုန်မှာရှိတဲ့ လှိုင်မြို့နယ်၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှာ လာရောက် ဝယ်ယူနိုင်တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီ ကျင်းပခဲ့တဲ့ ၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ နိုင်ငံတဝန်း ဝင်ရောက်ဖြေဆိုသူ ၂၈၀၀၀၀ ကျော်ရှိခဲ့ပြီး စာမေးပွဲအောင်မြင်သူ ၁၃၀၀၀၀ ကျော် ရှိခဲ့တယ်လို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ဇွန် ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဝင်ရောက်ဖြေဆိုသူ ၉၀၀၀၀၀ ကျော်အထိ ရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် စစ်ကောင်စီကျင်းပတဲ့ စာမေးပွဲကို ကျောင်းသား၊ကျောင်းသူ ၆၀၀၀၀၀ ကျော်အထိ သပိတ်မှောက်ခဲ့ကြတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပညာရေးဝန်ကြီးဌာနကတော့ စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေကို အသိအမှတ်ပြုမှာ မဟုတ်သလို ဝင်ရောက်ဖြေဆိုခြင်းမပြုတဲ့ ကျောင်းသား၊ကျောင်းသူတွေကို ဂုဏ်ပြုမှတ်တမ်းတင်ထားကြောင်း ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လမ်းညွှန်မှုနဲ့ ဖွင့်လှစ်ထားတဲ့ ကြားကာလ အခြေခံပညာရေး ပုဂ္ဂလိကကျောင်းတွေ အလျိုလျိုပေါ်ပေါက်လာပြီး အွန်လိုင်းစနစ်နဲ့ CDM ကျောင်းသား၊ကျောင်းသူတွေကို သင်ကြားပေးနေတာတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က Kaung For You အွန်လိုင်းစာသင်ကျောင်း တည်ထောင်သူတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီး အချက်အလက်တချို့ပေါက်ကြားသွားတဲ့အတွက် အဲဒီစာသင်ကျောင်းမှာ သင်ကြားနေတဲ့ CDM ဆရာ၊ဆရာမတွေ ဖမ်းဆီခံခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

ပညာရေးသပိတ်ကော်မတီတွေကတော့ အခုလို ဖမ်းဆီးတာဟာ စစ်ကောင်စီက လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်ပြီး ဆရာ၊ဆရာမတွေကို ရန်သူလိုသဘောထား နေတာဖြစ်တယ်လို့ ဇူလိုင် ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – BBC Burmese

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.