သရက်ချောင်း ၊ သြဂုတ် (၂၄)

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ အောက်သရက်ချောင်းရွာထိပ်အနီးမှာ သြဂုတ် ၂၄ ရက်နေ့ မနက် ၁၀ နာရီလောက်က စစ်ကောင်စီလူကြီး လမ်းကြောင်း လုံခြုံရေးလာယူတဲ့ တပ်ဖွဲ့ဝင်တွေကို သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

သရက်ချောင်းဘက်နေ ပုလောဘက်ကို ဆင်းလာမယ့် လူကြီး လမ်းကြောင်း လုံခြုံရေးလာယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေ ဖြစ်တဲ့ ဖက်ဒရယ်စစ်ကြောင်း၊ ကျားရိုင်းပြောက်ကျားတပ်ဖွဲ့နဲ့ ဂဠုန်မင်းတပ်ဖွဲ့တွေက သွားရောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု မိနစ်၂၀ နီးပါးအကြာ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ပြီး ပူးပေါင်းအဖွဲ့က ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီဘက် တပ်အင်အားတွေ ထပ်မံဖြည့်တင်းလာပြီး အောက်သရက်ချောင်းကျေးရွာအနီးပတ်ဝန်ကျင်းကို ရမ်းသမ်း ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို စစ်ကောင်စီဘက်က လူနာတင်ကားတွေနဲ့ လာရောက် သယ်ဆောင်သွားပြီး သရက်ချောင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

သရက်ချောင်းမြို့နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေသလို အဲဒီတိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.